Home
မြန်မာသတင်း
ကနီမြို့နယ်တွင် ချောင်းရေတိုက်စားမှုကြောင့် အိမ်ခြေ ၂၀ ခန့် ပြိုကျမည့်အန္တရာယ်ရှိနေ
DVB
·
August 7, 2021
KaNi stream fail 1
KaNi stream fail 2
KaNi stream fail 3

ကနီမြို့နယ်ထဲက ကင်းနဲ့ခုံကြီးကျေးရွာအုပ်စုမှာ ဩဂုတ် ၁ ရက်ကစလို့  မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျ ချောင်းရေကြောင့် နေအိမ် ၂၀ လောက် ရေတိုက်စားမှုခံရပြီး ပြိုကျမယ့်အန္တရာယ်ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဩဂုတ် ၆ ရက်နဲ့ ၇ ရက်မှာ ရွာတဲ့ မိုးက ရေအတော်များများပါတာကြောင့်  ချောင်းရေလျှံပြီး ကင်းကျေးရွာအုပ်စုမှာတော့ နေအိမ်တွေထဲအထိ ရေတွေ ဝင်ရောက်နေပြီး ခုံကြီးကျေးရွာအုပ်စုမှာတော့ နေအိမ် ၂၀ လောက် ပြိုကျမယ့် အန္တရာယ် ရှိနေတယ်လို့ ဆိုပါတယ်။

ပါဟဲရွာနေသူတစ်ဦးက “ကျနော်တို့ ဘဝတွေကတော့ စစ်တပ်လည်း ကြောက်ရ၊ ကိုဗစ်လည်း ကြောက်ရနဲ့ အခု ချောင်းရေပါ ကြောက်နေရပြီဗျာ။လူတွေကတော့ အခု ဘေးလွတ်ရာ ပြောင်းနေကြရတယ်။ ဒီလိုသာ မိုးဆက်ရွာနေမယ်ဆိုရင် တစ်ရွာလုံး ချောင်းထဲ မျောမှာ သေချာတယ်” လို့ ပြောပါတယ်။

ပါဟဲရွာဟာ ကနီမြို့နယ် ခုံကြီးအုပ်စုမှာပါဝင်တဲ့ ရွာဖြစ်ပြီး စစ်ကောင်စီတပ်တွေက ရွာသားတွေကို ဖမ်းဆီးတာကြောင့် ရွာသားအားလုံး ဘေးလွတ်ရာကို တိမ်‌ရှောင်နေရတဲ့ ရွာလည်း ဖြစ်ပါတယ်။

အဲဒီရွာဟာ အိမ်ခြေ ၉၀ ခန့် လူဦးရေ ၉၀၀ ကျော်ရှိပြီး လက်ရှိမှာ ရွာသားအများစုဟာ  ရာသီတုပ်ကွေး ဖြစ်ပွားနေကြပါတယ်။

ရွာသားတစ်ဦးက “ဒီနေ့ နေ့လယ်ပိုင်းထိ ပြောင်းရွှေ့နေရတယ်။ ပြီးခဲ့တဲ့လကလည်း စစ်တပ်ရွာထဲ ဝင်လာလို့ တောထဲ ထွက်ပြေးကြရတယ်။ ထွက်ပြေးချိန် ရာသီတုပ်ကွေး ဖြစ်ကြပြန်တယ်။ အခု ချောင်းရေတက်တော့ နေမကောင်းရက်ကြီးနဲ့ လုပ်နေရတော့ မသက်သာဘူး” လို့ ဆိုပါတယ်။

 ကနီမြို့နယ်အတွင်း ချောင်းရေတိုက်စားခံရတဲ့ ကျေးရွာတွေဟာ  မြို့နယ်ဌာနဆိုင်ရာတွေဆီကနေ အကူညီမရရှိဘဲ ကိုယ်ထူကိုယ်ထ လုပ်နေရတဲ့အပြင် ရာသီတုပ်ကွေးပါ ဖြစ်ပွားနေတာကြောင့် အစားသောက်နဲ့ဆေးဝါးအကူအညီတွေလည်း အရေးပေါ်လိုအပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လွန်ခဲ့တဲ့လပိုင်းတွေက အဲဒီရွာနားမှာ  စစ်ကောင်စီတပ်နဲ့ ပြည်သူကာကွယ်ရေးတပ်တို့ တိုက်ပွဲ ပြင်းထန်ခဲ့တာကြောင့် အခုလိုဖြစ်ချိန် ကျေးရွာသားတွေဟာ စစ်ကောင်စီရဲ့ ဖမ်းဆီမှုခံရမှာ ကြောက်ပြီး ဘယ်မှ မသွားရဲကြဘူးလို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024