ပဲခူးတိုင်း ရွှေကျင်မြို့နယ် မဟာပညာဗိမာန်စာသင်တိုက်မှာ စာချစာသင်သံဃာတော် ၆၇ ပါးနဲ့ သာသနာရေးဝန်ထမ်း ၁ ဦး ကိုဗစ်-၁၉ ကူးစက်ခံခဲ့ရတယ်လို့ စာသင်တိုက်တာဝန်ရှိသူတဦးက ပြောပါတယ်။
သြဂုတ် ၄ ရက်နဲ့ ၅ ရက်တွေမှာ မဟာပညာဗိမာန်စာသင်တိုက်က စာချစာသင် သံဃာတော်အပါး ၁၁၀ နဲ့ သာသနာရေးဝန်ထမ်း ၂ ဦးကို RDT test kit စစ်ဆေးရာမှာ အခုလို ပိုးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
လက်တလော ကိုဗစ်-၁၉ ကူးစက်ခံ သံဃာတော်တွေကို သီခြားကုသဆောင်မှာ ကုသပေးနေပြီ ရောဂါအခြေအနေမှာ တည်ငြိမ်ကောင်းမွန်နေတယ်လို့ ဆိုပါတယ်။
စာသင်တိုက်တာဝန်ရှိသူ "ကူးစက်ခံ သံဃာတော်တွေအတွက် ဆေးဝါး၊ ဆွမ်းနဲ့ အာဟာရတွေ လိုအပ်နေတာကြောင့် တာဝန်ခံ ဆရာတော်တွေ၊ ဒကာဒကာမတွေထံ ဆက်သွယ်လှူဒါန်းပေးကြပါ” လို့ မေတ္တာရပ်ခံပါတယ်။
ရွှေကျင်မြို့နယ်မှာ ကိုဗစ်တတိယလှိုင်းကာလ ဩဂုတ် ၄ ရက်ထိ ကိုဗစ်-၁၉ တည်ပြုလူနာ ၄၈၈ ဦး၊ သေဆုံးသူ ၂၉ ဦးနဲ့ ဆေးရုံဆင်းခွင့်ရသူ ၄၀၀ ရှိပြီလို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။