စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ကန်ဒေါင့်ကျေးရွာအနီးရှိ နဂါးမတောင်မှာ ပြည်သူ့တော်လှန်ရေးတပ်မတော်နဲ့ စစ်ကောင်စီတပ်တို့ မနေ့ည ၇ နာရီလောက်က တိုက်ပွဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ပုလဲပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက "ကျနော်တို့ PRA တပ်တွေ ရှိတဲ့နေရာကို စစ်ကောင်စီတပ်တွေက လာတိုက်တာ။ သူတို့လာတာကို ကျနော်တို့က ကြိုပြီးသတင်းရထားတော့ ကြိုတင်ပြင်စဉ်ချိန်ရတယ်ဗျ။ သူတို့အင်အား ၇၃ ယောက်ရှိတယ်။ RPG သမား ၂ ယောက်၊ စနိုက်ပါသမား ၄ ယောက်ပါတယ်ဆိုတာ ကြိုသိထားတော့ ကျနော်တို့က နဂါးမတောင်ကနေ စောင့်တိုက်တာ။ သူတို့ဘက်က RPG နဲ့ထုတာ ၁၈ ချက်လောက်ရှိတယ်။ မိုးရွာလာလို့ ကျနော်တို့ဘက်က နောက်ဆုတ်လိုက်တယ်” လို့ ပြောပါတယ်။
ပုလဲမြို့နယ်အတွင်း လက်ရှိတိုက်ပွဲမှာ ပြည်သူ့တော်လှန်ရေးတပ်မတော်ဘက်က တပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရရှိပြီး စစ်ကောင်စီဘက်ကအကျဆုံးကို မသိရသေးပါဘူး။
အခုတိုက်ပွဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းက မဟာမိတ်လုပ်ထားတဲ့ ပုလဲ PDF တပ်ဖွဲ့နဲ့ မြိုင် PDF တို့ ပူးပေါင်း ပြည်သူတော်လှန်ရေးတပ်မတော် (PAR) က စစ်ကောင်စီကို တော်လှန်နေတာ ဖြစ်ပါတယ်။