ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၄,၀၀၀ ကျော်ထဲမှာ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်က ကူးစက်ခံရသူ ၁၃၀ ယောက်နဲ့ အများဆုံးဖြစ်တယ်လို့ စစ်ကောင်စီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဩဂုတ် ၄ ရက်ညမှာ ထုတ်ပြန်ပါတယ်။
ဒီစစ်ဆေးမှုမှာတော့ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)မှာ ပါဝင်နေကြတဲ့ ဆေးရုံ တွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှုတိကျတဲ့ ပမာဏအတိုင်းအဆကို တော့ မသိနိုင်သေးပါဘူး။
ဝန်ကြီးဌာန ထုတ်ပြန်ချက်ထဲမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၄,၂၅၇ ခုကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ် ၄,၇၁၃ ယောက် တွေ့ရှိခဲ့တာမို့ ပိုးတွေ့နှုန်း ၃၃ ရာခိုင်နှုန်းကျော် ရှိနေခဲ့တာပါ။
ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရောဂါပြန်လည်ပျောက်ကင်းသက်သာလာတဲ့အတွက် ဆေးရုံက ဆင်းခွင့်ရသူ အရေအတွက်ကတော့ ၃,၇၄၅ ယောက် ရှိနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တရက်တည်းသေဆုံးသူအရေအတွက်ကတော့ ၃၁၂ ယောက် ရှိခဲ့ပြီး စုစု ပေါင်း သေဆုံးသူ ၁၀,၃၇၃ ယောက်နဲ့ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၃၁၁,၀၆၇ ယောက် ရှိနေခဲ့တာ ဖြစ်ပါတယ်။
ပြည်နယ်နဲ့ တိုင်းအလိုက် ရောဂါကူးစက်မှုနှုန်းမှာတော့ ဧရာဝတီတိုင်းဒေသကြီးက ၇၃၇ ယောက်နဲ့ အများဆုံးဖြစ်ပြီး အဲဒီနောက်မှာတော့ ပဲခူးတိုင်းဒေသကြီးက ၆၄၂ ယောက်၊ ရှမ်းပြည်နယ်က ၅၅၅ ယောက်၊ ရန်ကုန်တိုင်းဒေသကြီးက ၅၂၉ ယောက်စီနဲ့ အများဆုံး ကူးစက်ခံထားရပါတယ်။
မြန်မာနိုင်ငံမှာ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကိုတော့ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ မတ် ၂၃ ရက်က စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်မှာတော့ အာ ဆီယံနိုင်ငံတွေထဲ အစောဆုံး ကာကွယ်ဆေးထိုးနှံတဲ့နိုင်ငံ ဖြစ်လာခဲ့ပါတယ်။
ခုရက်ပိုင်းတွေမှာ ရောဂါကူးစက်မှုဟာ နေ့စဉ်ရက်ဆက် ခပ်စိပ်စိပ်ဖြစ်နေခဲ့ပြီး မျိုးရိုးဗီဇကွဲ ကိုဗစ်-၁၉ ရောဂါပိုး ၃ မျိုးစစ်ဆေးတွေ့ရှိခဲ့ကြောင်းလည်း ဇွန် ၁၅ ရက်နေ့က ကြေညာထားခဲ့တာပါ။
ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့ ကာကွယ်ရေးဝန်ကြီးဌာန၊ ဆေးသုတေသနစင်တာမှ စစ်ဆေးတဲ့ ဓာတ်ခွဲစစ်ဆေးချက်အဖြေအရ ကိုဗစ်-၁၉ မျိုးရိုးဗီဇ ပြောင်းလဲတဲ့ ပိုးတွေ့ရှိသူ ၁၁ ဦးရှိတယ်လို့ ဆိုပါတယ်။
လတ်တလောမှာတော့ ရောဂါကူးစက်မှုတွေ မြင့်တက်နေတာကြောင့် နိုင်ငံတဝန်း စာသင်ကျောင်းတွေ ပိတ်ထားသလို အစိုးရ ရုံးတွေ အခုလကုန်ထိ ဆက်တိုက်ပိတ်ထား တဲ့အပြင် နိုင်ငံတဝန်း ပိုးတွေ့နှုန်းများတဲ့ မြို့နယ် ၉၀ ကျော်ကိုလည်း Stay At Home မြို့ နယ်တွေ အဖြစ် သတ်မှတ်ထားပါတယ်။