မကွေးတိုင်း၊ ပခုက္ကူမြို့က ၃ မိုင်ကုန်းသုသာန်မှာ နေ့စဉ် သင်္ဂြိုဟ်ပေးနေရတဲ့ ရုပ်အလောင်းတွေ များပြားလာတာကြောင့် မီးသင်္ဂြိုဟ်စက်ပျက်သွားပြီး ပြန်လည်ပြင်ဆင်နေရပါတယ်။
ပခုက္ကူမှာ ဇူလိုင် ၂ ရက်မှ သြဂုတ် ၂ ရက်အထိ သေဆုံးသူ ၄၁၀ ယောက်ရဲ့ ရုပ်အလောင်းတွေကို ပခုက္ကူ ၃ မိုင်ကုန်းသုသာန်မှာ တစ်နေ့ ပျမ်းမျှ ၁၂ ဦးနှုန်းနဲ့ မီးသင်္ဂြိုဟ်ပေးခဲ့ရတယ်လို့ စည်ပင် ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
ဇူလိုင် ၂၀ ရက်နေ့နောက်ပိုင်းကစပြီး မီးသင်္ဂြိုဟ်ပေးခဲ့ရတဲ့ ရုပ်အလောင်းအရေအတွက်ဟာ တနေ့ကို အနည်းဆုံး ၁၇ ဦးကနေ အများဆုံး ၃၄ ဦး အထိရှိနေတာကြောင့် သင်္ဂြိုဟ်စက် ပျက်သွားတာလို့ လည်းသိရပါတယ်။
“မီးအပူရှိန်များပြီး သင်္ဂြိုဟ်စက်နံရံတွေ အက်ကွဲကုန်တယ်။ မပြင်ဘဲ ဆက်သုံးနေရင်တော့ စိုးရိမ်စရာအနေအထားအထိ ရှိတယ်'' လို့ စည်ပင်ဝန်ထမ်းတဦးက ပြောပါတယ်။
ဇူလိုင် ၂ ရက်မှ သြဂုတ် ၂ ရက်နေ့အထိ သေဆုံးသွားသူတွေထဲမှာ ရိုးရိုးရောဂါနဲ့ သေဆုံးသူ ၃၁၅ ဦး ရှိပြီး ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးသူ ၉၅ ဦးထိ ရှိနေတယ်လို့ သိရပါတယ်။
ဒေသခံတစ်ဦးက “လူတယောက် သေလို့ မီးသင်္ဂြိုဟ်ရင် သောင်းဂဏန်းကုန်တာ။ အခုတော့ မြေနေရာခ၊ မြေတူးခတွေနဲ့ဆို သိန်းဂဏန်းအထိ ကုန်နိုင်တယ်။ သေရတာတောင် မလွယ်တဲ့ ခေတ်ကြီးပါဗျာ” လို့ ပြောပါတယ်။
မြို့နယ်စည်ပင်အနေနဲ့ မီးသင်္ဂြိုဟ်စက်တွေ ပြင်ဆင်ဆောင်ရွက်နေချိန်ကာလမှာ မဖြစ်မနေကိစ္စတွေကိုသာ သင်္ဂြိုဟ်ဆောင်ရွက်ပေးမှာဖြစ်ပြီး ရိုးရိုးဓမ္မတာ၊ ရောဂါနဲ့ သေဆုံးသူတွေကိုတော့ မြေမြှုပ်တာနဲ့ ဂူသွင်းသင်္ဂြိုဟ်တာ ဆောင်ရွက်ပေးနိုင်မယ်လို့ သိရပါတယ်။