ကချင်ပြည်နယ် ဝိုင်းမော်က စစ်ကောင်စီတပ်ရင်း (၅၈)ကို ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) နဲ့ ပူးပေါင်းအဖွဲ့တွေက မနေ့ညက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ရင်း ၅၈ မှာ လက်နက်ကြီးသံနဲ့ သေနတ်ပစ်သံတွေကို ည ၇ နာရီခွဲအချိန်လောက်ကစပြီး ည ၁၁ နာရီကျော်ဝန်းကျင်ထိ ဆက်တိုက်ကြားနေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ည ၇ နာရီကျော်လောက်ကတည်းက ဆက်တိုက်ပဲ ခုထိပစ်နေကြတုန်း။ မြို့ထဲက စစ်ကားတွေလည်း အဲ့ဘက်ကို သွားနေကြတာတွေ့တယ်။ ဒီတစ်ညလုံး ပစ်ကြမလား မသိဘူး” လို့ ပြောပါတယ်။
တိုက်ပွဲအတွင်း သေဆုံး ဒဏ်ရာရမှု အခြေအနေကိုတော့ ဒီဗွီဘီက စုံစမ်းမေးမြန်းနေဆဲ ဖြစ်ပါတယ်၊
အဲ့ဒီတပ်စခန်းကို ဇူလိုင် ၂၉ ရက်နေ့ညကလည်း ကေအိုင်အေဘက်က သွားရောက်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ကေအိုင်အေဌာနချုပ် လိုင်ဇာဘက်ကိုလည်း စစ်ကောင်စီဘက်က ည ၁၂ နာရီဝန်းကျင်ထိ လက်နက်ကြီးနဲ့ ခြောက်ကြိမ်ထိ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
“လက်နက်ကြီးက အရင်ကထက် အသံတော်တော်ကျယ်တယ်။ ဒီမှာ အကုန်လုံးလည်း လန့်နေကြပြီ။”
ဝိုင်းမော်တိုက်ပွဲမှာ စစ်ကောင်စီဘက်က အထိနာတာကြောင့် လိုင်ဇာကို လက်နက်ကြီးနဲ့ပစ်ခတ်တာဖြစ်နိုင်တယ်လို့ ဒေသခံတစ်ဦးက မှတ်ချက်ပြုပါတယ်။
ဝိုင်းမော်မြို့ ၅၈ တပ်ရင်း မှာလည်း မနေ့ည၇ နာရီလောက်စပြီး လက်နက်ကြီးနဲ့ သေနတ်သံတွေ ကြားနေရပြီး ရဟတ်ယာဥ် နှစ်စီးလည်း ပျံသန်းနေတယ်လို့ ဒေသခံတွေက သိရပါတယ်။