ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် ကေအန်ယူ တပ်မဟာ ၅ ထိန်းချုပ်နယ်မြေ၊ မူတြော်ခရိုင်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ကေအန်အယ်လ်အေတို့ ၁ လအတွင်း တိုက်ပွဲပေါင်း ၁၃၄ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ သြဂုတ် ၁ ရက်နေ့က ကေအန်ယူက သတင်းထုတ်ပြန်ထားပါတယ်။
ဇူလိုင် ၁ ရက်နေ့ မှ ၃၁ ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲပေါင်း ၁၃၄ ကြိမ်ဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး အရှင်ဖမ်းမိကာ ၁၁၅ ဦးသေဆုံးပြီး ၁၀၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ ကား ၂ စီးပျက်စီးပြီး မြင်း ၂ ကောင်သေဆုံးကာ ၄ ကောင်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့လက်အောက်ခံ နယ်ခြား စောင့်တပ် (BGF) တပ်ဖွဲ့တွေက ဒေသခံပြည်သူရဲ့ ကျေးရွာတွေထဲကို လက်နက်ကြီး ၂၅ လုံးပစ်ချခဲ့တဲ့အတွက် လူနေအိမ်နဲ့ ပြည်သူတချို့ထိခိုက်ဒဏ်ရာရရှိခဲ့သလို လူနေအိမ် ၅ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
ဒါအပြင် အများပြည်သူသွားလာတဲ့လမ်းပေါ် မိုင်း ၇ လုံးထောင်ထားခဲ့ရာမှာ ကေအန်အယ်လ်အေ က တွေ့ရှိသိမ်းဆည်းရမိခဲ့သလို ဒေသခံပြည်သူတွေ မိုင်း ၄ လုံးနင်းမိခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း နယ်ခြားစောင့် (BGF) တပ်ဖွဲ့ဝင် ၂ ဦး အလင်း ပြန်ဝင်လာပြီး ကေအန်အယ်လ်အေဘက်က ရန်သူလက်နက် ၄ လက်သိမ်းဆည်းရမိခဲ့သလို တပ်ဖွဲ့ဝင် ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
၁ လတာ တိုက်ပွဲအတွင်း ဒေသခံပြည်သူပိုင် ပစ္စည်းနဲ့တိရစ္ဆာန်တွေကို စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေက လုယက်ယူဆောင်တာတွေ အများကြီးရှိခဲ့တယ်လို့ ကေအန်ယူက သတင်းထုတ်ပြန်ထားပါတယ်။
မတ်လ ၂၇ ရက်နေ့ကစတင်ပြီး စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ်ဖွဲ့တွေဟာ ကေအန်ယူ ထိန်းချုပ်နယ်မြေတွေမှာ စစ်အင်အားတိုးချဲ့တာ၊ စစ်ရေးလှုပ်ရှားတာ၊ တပ်စခန်းတည်ဆောက်တာတွေကြောင့် နေ့စဥ်တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။
နှစ်ဖက်တိုက်ပွဲတွေကြောင့် ဒေသခံတိုင်းရင်းသား ၂ သောင်းကျော် တိမ်းရှောင်ထွက်ပြေးနေရတယ်လို့ သိရပါတယ်။