တရုတ်-မြန်မာနယ်စပ် ယူနန်ပြည်နယ် ရွှေလီနဲ့ ကျယ်ဂေါင်မြို့တို့မှာ မြန်မာနိုင်ငံသား ၂ ဦး ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံခဲ့ရတယ်လို့ ရွှေလီကျန်းမာရေးဌာနက ဩဂုတ် ၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
ဇူလိုင်လအတွင်း မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို ပြန်လာသူ တရုတ်နိုင်ငံသား ၂၇၉ ဦးမှာ ပိုးတွေ့ရှိပြီးနောက် ရွှေလီနဲ့ ကျယ်ဂေါင် (လော့ဒေါင်းချထားတဲ့နေရာ) က မြန်မာ ၂ ဦးနဲ့ တရုတ်နိုင်ငံသား ၁ ဦးတို့မှာ ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
ဇူလိုင် ၂၇ ရက်နေ့ နဲ့ ၃၀ ရက်နေ့တို့ကလည်း မြန်မာနိုင်ငံကနေ ဖြတ်ကျော်ဝင်ရောက်ရှိခဲ့ကြတဲ့ တရုတ်နိုင်ငံသား ၇ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ပါတယ်။
ကိုဗစ်-၁၉ တတိယလှိုင်းမှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အတွင်း လက်ရှိ ကုသနေဆဲ ပိုးတွေ့လူနာ ပြည်တွင်း ကူးစက်ခံရသူ ၆၃ ဦး၊ ပြည်ပမှ ကူးစက်လာသူ ၃၁၇ ဦး၊ စုစုရပါင်း ၃၈၀ ထဲက လက္ခဏာမပြတဲ့ လူနာ ပြည်တွင်းကူးစက်မှု ၂ ဦး၊ ပြည်ပ ကူးစက်မှု ၂၆ ဦးရှိတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
ရွှေလီနဲ့ ကျယ်ဂေါင် အပါအဝင် ယူနန်ပြည်နယ်တခုလုံး ဇူလိုင်လ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့အထိ သုံးရက် ဆက်တိုက် ပိုးတွေ့လူနာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။
ဇူလိုင် ၄ ရက်နေ့ကစ ဇူလိုင် ၃၁ ရက်နေ့အထိ ယူနန်ပြည်နယ်မှာ မြန်မာနိုင်ငံသား ၅၃ ဦး ပိုးကူးစက်ခံထားရတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ တရုတ်နိုင်ငံသားတွေ အားလုံးပြန်လာဖို့ ဇွန်လ ၂၁ ရက်နေ့က တရုတ် အစိုးရအနေနဲ့ ဆင့်ခေါ်ခဲ့တာဖြစ်ပေမယ့် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်လာကြတာတွေ ရှိနေတယ်လို့ သိရပါတယ်။
Pra Jaw