ကနီမြို့နယ် အင်းတိုင်းတောရွာက အိမ်ခြေ ၂၀၀ ဝန်းကျင်လောက်ကို ဇူလိုင် ၃၁ ရက်နေ့က စစ်ကောင်စီတပ်အင်အား ရာနဲ့ချီ ဝင်ရောက်ရှာဖွေ ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အင်းတိုင်းတောရွာသားတဦးက “ဒါ သက်သက် ယုတ်မာသွားတာ။ ရွာထဲက တအိမ်မှ မလွတ်ဘူး။ အကုန်ရှာဖွေဖျက်ဆီးတာ။ ထဘီသေတ္တာတောင် မချန်ဘူး အကုန်ရှာတာ၊ ဘာရှာတာမှန်းမသိဘူး။ သေချာတာကတော့ အဲဒီကောင်တွေ ပြည်သူတွေရဲ့ အဖိုးတန်ပစ္စည်းတွေ ယူရအောင် ရှာဖွေကြတာ။ ရွာထဲက ဈေးဆိုင်တွေက အရက်တွေ ယူသောက်တယ်။ ဖိနပ်တွေ ယူတယ်။ ဆန်၊ ဆီတွေ၊ ဆိုလာပြားတွေ၊ ဘထ္ထရီအိုးတွေ ယူတယ်ဗျာ။ ကုန်ကုန်ပြောရရင် မိန်းကလေးလုံချည်တောင် မချန်ဘူး၊ အကုန်ယူသွားကြတာ။ တချို့ဆို ရွှေ၊ ငွေတွေပါ အယူခံလိုက်ရတာ။ သူတို့မနိုင်တဲ့ ပစ္စည်းတွေဆို အကုန်မြေပြင်ပေါ် ကြဲပစ်ထားခဲ့ကြတယ်” လို့ ပြောပါတယ်။
အင်းတိုင်းတောရွာဟာ ကနီမြို့နယ် မုံရွာ-ယာကြီ-ကလေး လမ်းမဘေး မိုင်တိုင် ၃၁ မိုင်မှာ တည်ရှိပြီး အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိကာ မိရိုးဖလာတောင်သူလုပ်ငန်းကို လုပ်ကိုင်စားသောက်နေတဲ့ အပြစ်မဲ့ပြည်သူတွေ ဖြစ်ကြပါတယ်။