သြစတြေးလျနိုင်ငံရဲ့ လူဦးရေအများဆုံးပြည်နယ် နယူးဆောက်သ်ဝေးလ်မှာ ဇူလိုင်လ ၃၁ ရက် စနေနေ့က ကိုဗစ်-၁၉ ကူးစက်ခံရသူ ၂၁၀ ရှိကြောင်း ထုတ်ပြန်ထားပါတယ်။
ပြည်နယ်ရဲ့ မြို့တော် ဆစ်ဒနီမြို့လယ်မှာတော့ လော့ဒေါင်းချတာကိုကန့်ကွက်ဆန္ဒပြဖို့ စီစဉ်ထားတဲ့သပိတ်ကို ရဲတပ်ဖွဲ့က တားဆီးဖို့အတွက် စစ်ဆေးရေးဂိတ်တွေ အများကြီးချပြီး ပိတ်ဆို့ခဲ့ပါတယ်။ ကူးစက်နှုန်းအလွန်မြင့်မားတဲ့ ဒဲလ်တာဗိုင်းရပ်စ် ဖြစ်ပွားမှုကိုတိုက်ဖျက်နေချိန်မှာပဲ မြို့တော်နဲ့ အနီးတစ်ဝိုက်ကို အနည်းဆုံး သြဂုတ်လကုန်အထိ ကြာမြင့်မယ့် သီတင်းပတ်ချီကြာ တင်းကျပ်တဲ့အကန့်အသတ်နဲ့ လော့ဒေါင်းချထားတာ ဖြစ်ပါတယ်။
လော့ဒေါင်း ဆန့်ကျင်ဖို့ ခွင့်ပြုချက်မရှိဘဲ ပြုလုပ်မယ့် ဆန္ဒပြပွဲကို တားဆီးဖို့ ဆစ်ဒနီမြို့တစ်ဝိုက်မှာ ရဲအရာရှိ ၁ ထောင်လာက်ကို တပ်ဖြန့်ထားပါတယ်။
ဒါ့အပြင် ရဲတွေဟာ ဆန္ဒပြပွဲနေရာဆီ ခရီးသည်တွေကို တင်ဆောင်လာမယ့် တက္ကစီတွေနဲ့ သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုတွေကိုလည်း တားမြစ်သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်ကုန်က လူပေါင်းထောင်ချီ ပါဝင်တဲ့ ဆန္ဒပြပွဲဟာ ဖမ်းဆီးခံရတာတွေ၊ ရဲတွေနဲ့ပဋိပက္ခဖြစ်ပွားတာတွေဖြစ်ခဲ့ရပါတယ်။