ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန်းစီးအောင်စစ်ဆေးရေးဂိတ်အနီးက လွှဲကူးတောင်မှာ ကေအိုင်အေတပ်ဖွဲ့ဝင်တွေက စစ်ကောင်စီတပ်ဖွဲ့တွေလိုက်လာတဲ့ စစ်ယာဉ်တန်းကို ဇူလိုင် ၃၀ ရက်နေ့ မနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၈ ဦးသေဆုံးပြီး ၁၀ ဦးထက် မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ယာဉ်တန်းကား ၅ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ၁ စီး ထိခိုက်ပျက်စီးခဲ့ပြီး သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေကို ပရဟိတအဖွဲ့တွေက လာရောက်သယ်ဆောင်ပေးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း နန့်စီးအောင် စစ်ဆေးရေးဂိတ်အနီးမှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ခရီသည်တင်မှန်လုံဘတ်စ်ကား ၁ စီး ထိခိုက်ပျက်ဆီးခဲ့ပါတယ်။
ဒါ့အပြင် ကချင်အမျိုးသားလွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) လှုပ်ရှားနယ်မြေတွေဖြစ်တဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းက စစ်ကောင်စီရဲ့ တပ်စခန်းတွေကို ကေအိုင်အေ က အခုရက်ပိုင်း ဆက်တိုက်ပစ်ခတ်တိုက်ခိုက်တာတွေရှိနေပြီး စစ်ကောင်စီရဲ့တပ်သားတွေ ထိခိုက်သေဆုံးတာတွေလည်း ရှိခဲ့ပါတယ်။