မွန်ပြည်နယ်မှာ အမှုရင်ဆိုင်နေတဲ့ အချုပ်သား ၃၀၀ နီးပါးကို ဇူလိုင် ၂၂ ရက်မှ ၂၇ ရက်အထိ ၆ ရက်အတွင်း ပြန်လွှတ်ပေးခဲ့တယ်လို့ ပြည်နယ်အကျဉ်းဦးစီးဌာန တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
ပြန်လွှတ်ပေးခဲ့တဲ့ အချုပ်သားတွေထဲမှာ စစ်တပ်အာဏာမသိမ်းခင်က ခိုးမှု၊ လောင်းကစားမှုနဲ့ အမှုရင်ဆိုင်နေရတဲ့သူတွေ ဖြစ်ပြီး အများစုမှာ မူးယစ်ဆေးဝါးမှုနဲ့ အမှုရင်ဆိုင်နေတဲ့သူတွေ ဖြစ်ပါတယ်။
ပြန်လွှတ်ပေးခဲ့တဲ့ အချုပ်သားတွေကို အကျဉ်းဦးစီးဌာနက စိစစ်တာ မဟုတ်ဘဲ တရားရုံးနဲ့ ရဲတပ်ဖွဲ့ လွှတ်အမိန့်ပေးတဲ့သူတွေကို ပြန်လွှတ်ပေးနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
မွန်ပြည်နယ်မှာတော့ မော်လမြိုင်အချုပ်ထောင်၊ ကျိုက်မရောဗဟိုအကျဉ်းထောင်နဲ့ သထုံအကျဉ်းထောင်တွေမှာ ချုပ်နှောင်ခံထားရတဲ့ အချုပ်သားတွေကို ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။
မွန်ပြည်နယ်မှာတော့ ပြီးခဲ့တဲ့ ဇွန်လကတည်း အကျဉ်းသား ၃၀ ကျော်ကို အာဏာသိမ်းစစ်ကောင်စီအမိန့်နဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။
ဇူလိုင် ၂၀ ရက် စစ်ကောင်စီအမိန့်အရ အမှုပိတ်သိမ်းပြီး နိုင်ငံတဝန်း အကျဉ်းထောင်တွေကနေ ပြန်လွှတ်ပေးတဲ့ အချုပ်သားပေါင်း ၄၃၀၀ နီးပါး ရှိပါတယ်။