ပြည်မြို့မှာ စစ်ကောင်စီက သေနတ်နဲ့ပစ်ခဲ့လို့ သေဆုံးသွားသူရဲ့ မိသားစုကို စစ်ကောင်စီက လျော်ကြေး ငွေကျပ် ၁၀ သိန်း ပေးခဲ့ပြီး အလောင်းပြန်မပေးဘဲ့ သင်္ဂြိုဟ်ခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ပြည်မြို့ အောင်သုခရပ်ကွက်က အသက် ၃၃ နှစ်အရွယ် ကိုကုလား(ခ) ကိုတင်မင်းထွဋ် နဲ့ အမျိုးသားတဦးတို့ဟာ ဇူလိုင် ၂၅ ရက်နေ့က ဆိုင်ကယ်စီးလာစဉ် ခေတ္တရာမြို့သစ် ၄ လမ်း ၆ ကွက်အရောက်မှာ စစ်ကောင်စီတပ်တွေက တားတာကို ရပ်မပေးလို့ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတာပါ။
မိသားစုနီးစပ်သူတဦးက "သူတို့က အိမ်လခ ၄ သောင်း ပေးရမှာကို ၁ သောင်းပဲရှိလို့ သူ့သူငယ်ချင်းဆီကို ပိုက်ဆံသွားချေးတာ နှစ်ယောက်သွားကြတာ၊ မြို့သစ်ရောက်တော့ သူတို့ကို တားတယ်တဲ့ အပြင်ထွက်ချိန်လည်း ကျော်နေတာနဲ့ ဆိုင်ကယ်ကလည်း အရှိန်များနေတာနဲ့ ရပ်မပေးလိုက်တာ အဲ့တာကို ပစ်ခံရတာ" လို့ ပြောပါတယ်။
သေနတ်နဲ့ပစ်လိုက်တာကြောင့် ဆိုင်ကယ်မောင်းသူ ကိုကုလား(ခ) ကိုတင်မင်းထွဋ် သေဆုံးခဲ့ပြီး ကျန်တစ်ဦးက ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံးသူမှာ ၁၀ နှစ်အရွယ် အကြီးဆုံးကလေးနဲ့ အငယ်ဆုံး ၁ နှစ်ခွဲအရွယ် အမြွှာနှစ်ယောက်အပါအဝင် ကလေး ငါးယောက်ကျန်နေခဲ့ပြီး အမျိုးသမီးဖြစ်သူမှာ ဒုက္ခရောက်နေတယ်လို့ ပြောပါတယ်။
အပစ်ခံရတဲ့နေ့မှာပဲ သေဆုံးသူကို ကုတင် ၁၀၀ စစ်ဆေးရုံကို ခေါ်သွားပြီး လက်နက်တွေ့လို့ ပစ်ခဲ့ရပြီး သေဆုံးသွားတာဖြစ်ကြောင်း မိသားစုကိုလာပြီး အသိပေးခဲ့တာလို့ ဆိုပါတယ်။
ဇူလိုင်လ ၂၆ ရက်မှာ အမျိုးသမီးဖြစ်သူကို စစ်ဆေးရုံကို ခေါ်သွားခဲ့ပြီး ကြည့်ခွင့်ပေးခဲ့ပေမယ့် မျက်နှာပဲကြည့်ခွင့်ရခဲ့ပြီး မျက်နှာက အတော်ပျက်စီးနေတာ မြင်တွေ့ခဲ့တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
"သူ့မိန်းမကိုပဲ ခေါ်တယ် ၉ နာရီကတည်းက သွားတာ ၁၂ နာရီထိုးမှ ကြည့်ခွင့်ရတယ်။ ပြီးတော့ အေးငြိမ်းရာကို ပို့တယ်လို့ ပြောတယ်။ ကောင်လေးရဲ့ မိသားစုကတော့ အေးငြိမ်းရာမှာ စောင့်နေတာပေါ့၊ နင်တို့ကြည့်ချင်တယ်ဆိုရင်တော့ ဓာတ်ပုံမရိုက်ရဘူး ဖုန်းတွေအကုန်ပေးခဲ့ရမယ်၊ အဲ့လိုဆိုရင်တော့ ကြည့်ခွင့်ပေးမယ်လို့ ပြောပြီး အကုန်စစ်ဆေးပြီး ကြည့်ခိုင်းတယ် ကန်တော့ခိုင်းတယ်တဲ့။"
ပြည်မြို့မှာ Stay at Home နေထိုင်ဖို့ ကြေညာပြီးနောက်ပိုင်း ဇူလိုင်လ ၁၈ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ မနက် ၄ နာရီမှ မွန်းတည့် ၁၂ နာရီအထိသာ အပြင်ထွက်ဖို့နဲ့ အပြင်ထွက်ပါက ရပ်ကွက်ထောက်ခံစာ စျေးဝယ်ခွင့်ကတ်ပြား၊ ကျန်းမာရေးဆိုင်ရာထောက်ခံစာတွေ ယူဆောင်ဖို့ ကြေညာထားပါတယ်။
ဒါ့အပြင် ဆိုင်ကယ်တစီးကို လူတစ်ယောက်ပဲ စီးခွင့်ပေးပြီး ဒဏ်ရိုက်တာတွေလုပ်ခဲ့တာကြောင့် အောက်ဆီဂျင်အိုး သယ်မရတဲ့ အခက်အခဲတွေရှိတယ်လို့ သိရပါတယ်။