ကမ္ဘာ့ဘဏ်ရဲ့ ဇူလိုင် ၂၆ ရက်က ထုတ်ပြန်လိုက်တဲ့ မြန်မာ့စီးပွားရေး စောင့်ကြည့် အစီရင်ခံစာအရ “မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ နိုင်ငံရေး ကသောင်းကနင်းဖြစ်မှုနဲ့ လျင်မြန်စွာ မြင့်တက်လာနေတဲ့ ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်ပြန့်ပွားမှုများကြောင့် ၂၀၂၀ ခုနှစ်ကတည်းက ကမ္ဘာ့ကပ်ရောဂါကြောင့် အားနည်းနေခဲ့တဲ့ မြန်မာ့စီးပွားရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေတယ်လို့ ထုတ်ပြန်ထားပါတယ်။
လက်ရှိရင်ဆိုင်နေရတဲ့ လူ့အသက်များ၊ သက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ ဆင်းရဲမွဲတေမှုနဲ့ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေတဲ့ အခြေအနေများစွာနဲ့ မြန်မာနိုင်ငံရဲ့ ၂၀၂၁ ဘဏ္ဍာနှစ် (အောက်တိုဘာ ၂၀၂၀ - စက်တင်ဘာ ၂၀၂၁) မှာ စီးပွားရေးဟာ ၁၈ ရာခိုင်နှုန်းလောက် ကျုံ့သွားမယ်လို့ ခန့်မှန်းထားပါတယ်။
“၁၈ ရာခိုင်နှုန်း ကျုံ့သွားမယ်လို့ ဆိုခြင်းဟာ ၂၀၂၀ ဘဏ္ဍာနှစ်မှာ တွေ့ကြုံခဲ့ရတဲ့ အားနည်းသွားသော ဖွံ့ဖြိုးတိုးတက်မှုပေါ်မှာ နိုင်ငံစီးပွားရေးအနေနဲ့ ကိုဗစ်-၁၉ နဲ့ ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းမှုသာ မဖြစ်ပွားခဲ့ရင် ရှိသင့်တဲ့ ပမာဏထက် ၃၀ ရာခိုင်နှုန်း ပိုမိုသေးငယ်သွားမယ်လို့ ဆိုလိုတာပါ။”
၂၀၁၉ ခုနှစ် အဆင့်နဲ့နှိုင်းယှဉ်ရင် ဆင်းရဲနွမ်းပါးတဲ့အခြေအနေကို ကျရောက်မယ့် မြန်မာ့လူဦးရေဟာ ၂၀၂၂ ခုနှစ်အစောပိုင်းမှာ နှစ်ဆ မြင့်တက်သွားနိုင်ခြေရှိတယ်လို့လည်း ဆိုပါတယ်။
အလုပ်အကိုင်နဲ့ ၀င်ငွေဆုံးရှုံးမှု၊ ကျန်းမာရေးနဲ့ စားနပ်ရိက္ခာဖူလုံမှု အန္တရာယ်များ မြင့်တက်လာခြင်းဟာ ပြီးခဲ့တဲ့နှစ်က ဖြစ်ပွားခဲ့တဲ့ ရောဂါပျံ့နှံ့မှုဒဏ်ခံခဲ့ရတဲ့ အဆင်းရဲဆုံးနဲ့ အထိခိုက်လွယ်ဆုံးသူတွေရဲ့ လူမှုဖူလုံရေးစိန်ခေါ်မှုတွေကို ပိုမိုဆိုးဝါးစေတယ်လို့ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ်ညွှန်ကြားရေးမှူး Mariam Sherman က ပြောပါတယ်။