မြန်မာအာဏာစသိမ်းစစ်ကောင်စီဟာ သတင်းထောက်တွေအပေါ် ဖမ်းဆီး တရားစွဲဆိုနေတာ ရပ်တန့်သင့်ပြီး လွတ်လပ်တဲ့မီဒီယာအပေါ် သဲကြီးမဲကြီး တိုက်ခိုက်မှုကို အဆုံးသတ်ဖို့ Human Rights Watch လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ဇူလိုင် ၂၇ ရက် ဒီကနေ့မှာ မီဒီယာဖြိုခွဲမှုနဲ့ ပတ်သက်ပြီး ဗီဒီယိုတခုကို ထုတ်ပြန် တောင်းဆို လိုက်ပါတယ်။
မြန်မာစစ်အုပ်စုက ဂျာနယ်လစ်တွေကို အများအပြားဖမ်းဆီးတာနဲ့ မီဒီယာအပေါ်ထိန်းချုပ်တာဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရဆီကနေ အာဏာကိုသိမ်းယူလိုက်ခြင်းရဲ့ အဓိကအစိတ်အပိုင်းတခုဖြစ်တယ်လို့ HRW အာရှဒေသ ဒုညွှန်ကြားရေးမှူး ဖီးလ်ရော်ဘတ်ဆင်က ပြောပါတယ်။
စစ်အုပ်စုက သတင်းထောက်တွေကို စောင့်ကြည့်တာ၊ အနှောင့်အယှက်ပေးတာနဲ့ ထိန်းသိမ်းထားတာတို့ဟာ မြန်မာနိုင်ငံကို ဒေသတွင်းအန္တရာယ်အရှိဆုံးနေရာတစ်ခုအဖြစ် လျင်မြန်စွာပြောင်းလဲ သွားစေတယ်လို့ဆိုပါတယ်။
သတင်းသမားတွေကို နှိမ်နင်းတာဟာ စစ်ကောင်စီအုပ်စုရဲ့ ကြီးမားတဲ့ ကြိုးပမ်းမှု တစိတ်တပိုင်းဖြစ်ပြီး မြန်မာနိုင်ငံရဲ့အခြေအနေနဲ့ပတ်သက်ပြီး လွတ်လပ်တဲ့ မီဒီယာသတင်းဖော်ပြမှုကို ဖိနှိပ်ဖို့နဲ့ နိုင်ငံတဝန်း စစ်တပ်ကကျူးလွန်နေတဲ့ ဆိုးရွားတဲ့ အခွင့်အရေးချိုးဖောက်မှုတွေကို ငြင်းဆန်ဖို့ဖြစ်တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ဆိုပါတယ်။
စစ်တပ်က တင်းကျပ်တဲ့ ဆင်ဆာဖြတ်တောက်မှုနဲ့အတူ လွတ်လပ်တဲ့ မီဒီယာတွေကို စဉ်ဆက်မပြတ် ဖြိုခွင်းနှိမ်နင်းတာနဲ့ သတင်းသမားတွေကို ဖမ်းဆီးနေတာဟာ မြန်မာပြည်သူတွေကို စစ်အုပ်စုရဲ့ဝါဒဖြန့်မှုနဲ့သာ သီးခြားထားရှိဖို့ ခြိမ်းခြောက်နေခြင်းဖြစ်တယ်လို့လည်း ရော်ဘတ်ဆင်က ကပြောပါတယ်။
စစ်ကောင်စီအနေနဲ့ သတင်းစာနယ်ဇင်းသမားတွေအပေါ် နိုင်ငံရေးအရလှုံ့ဆော်တဲ့ စွပ်စွဲချက်အားလုံးကို ချက်ချင်း ခြွင်းချက်မရှိ ဖယ်ရှားသင့်ပြီး ပိတ်ပင်ထားတဲ့ မီဒီယာလိုင်စင်တွေကို ပြန်ပေးအပ်ပြီးတော့ မီဒီယာသမားတွေအပေါ် သုံးစွဲထားတဲ့ မတရားဥပဒေတွေကိုလည်း ပြန်လည်ရုပ်သိမ်းပေးရမယ်လို့လည်း ပြောကြားသွားပါတယ်။
အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးဥပဒေက လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ ထုတ်ဖော်ပြောဆိုခွင့် အခွင့်အရေးတွေအပေါ် မတရား ပိတ်ပင်ကန့်သတ်ထားတာကို တားမြစ်ထားပါတယ်။
ဇွန်လ ၃၀ ရက်ကလည်း စစ်ကောင်စီရဲ့ ပြန်ကြားရေး၀န်ကြီးဌာနဟာ စစ်အစိုးရ လို့ အင်္ဂလိပ်ဘာသာနဲ့ အဓိပ္ပာယ်ရတဲ့ junta ဆိုတဲ့ စကားလုံးကို မီဒီယာတွေ အသုံးမပြုဖို့ အသုံးပြုရင် စွဲချက်တင်ခံရမယ်လို့ ခြိမ်းခြောက်ထားပါတယ်။
နိုင်ငံခြား သတင်းအေဂျင်စီတွေကိုလည်း စစ်ကောင်စီ သို့မဟုတ် စစ်အစိုးရ ဆိုတဲ့ ဝေါဟာရတွေ အသုံးပြုတာကို ရပ်တန့်ဖို့နဲ့ ကမ္ဘာလုံးဆိုင်ရာ ပြည်သူလူထုဆီ သတင်းမှားတွေ ဖြန့်ဝေခြင်းကို ရပ်တန့်ဖို့ လည်း သတိပေးထားခဲ့ပါတယ်။ မလိုက်နာရင် တည်ဆဲဥပဒေတွေအရ အရေးယူမှာဖြစ်တယ်လို့လည်း ခြိမ်းခြောက်ထားပါတယ်။
မတ်လ ၈ ရက်မှာ စစ်အုပ်စုက ပြည်တွင်းက သတင်းမီဒီယာ ၅ ခုဖြစ်တဲ့ DVB ၊ ခေတ်သစ်မီဒီယာ၊ မဇ္ဈိမ၊ မြန်မာနောင်းနဲ့ ဆဲဗင်းဒေးတို့ကို မီဒီယာလိုင်စင်ကိုရုပ်သိမ်းခဲ့ပါတယ်။
မေလ ၄ ရက်မှာ ကချင်အခြေစိုက် 74 မီဒီယာနဲ့ ရှမ်းအခြေစိုက် တာချီလိတ် သတင်းအေဂျင်စီ ၂ ခု ကို ပိတ်ပင်ခဲ့ပြီး တင်းကျပ်တဲ့ ဆင်ဆာ ဖြတ်တောက်မှုကို တိုးချဲ့ပြီးတော့ ဂြိုလ်တုရုပ်မြင်သံကြားကို ပိတ်ပင်ခဲ့ပါတယ်။
မတ်လ ၁၅ ရက်က ချမှတ်ထားတဲ့ မိုဘိုင်း အင်တာနက် ကန့်သတ်ချက်တွေလည်း ဆက်ရှိနေဆဲ ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းကတည်းကစပြီး စစ်ကောင်စီအဖွဲ့ဟာ ဂျာနယ်လစ် ၉၈ ဦး ကိုဖမ်းဆီးခဲ့ပြီး ၄၆ ဦးမှာ လက်ရှိ ထိန်းသိမ်းခံနေရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြောပါတယ်။
ပြစ်ဒဏ်ချမှတ်ထားတဲ့ ဂျာနယ်လစ် ၆ ဦးထဲမှာ ၅ ဦးဟာ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၅၀၅ (က) ကို ချိုးဖောက်မှုနဲ့ တရားစွဲဆိုခံခဲ့ရပါတယ်။
သတင်းတု၊သတင်းမှား ဆိုတာဟာ အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီ အဖွဲ့အနေနဲ့ ပြည်သူဆီကို မရောက်စေလိုတဲ့ သတင်းတွေကို သတ်မှတ်ထားတာ ဖြစ်ပါတယ်။