ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့မှာ ဒီကနေ့ ဇူလိုင် ၂၆ ရက်နေ့ မနက်ပိုင်းကတည်းက မိုးအဆက်မပြတ် ရွာသွန်းနေတဲ့အတွက်ကြောင့် မြို့ရဲ့ အနိမ့်ပိုင်း ရပ်ကွက်တွေ ရေနှစ်မြှုပ်သွားပြီလို့ ဒေသခံတွေက DVB ကို ပြောပါတယ်။
အခုအခါ မြို့ရဲ့ အမှတ် ၂၊ ၃ နဲ့ အမှတ် ၆ ရပ်ကွက်တွေမှာ ရေ ၁၀ ပေလောက်ထိ မြင့်တက်လာပြီး နေအိမ်အချို့ ရေနှစ်မြှုပ်သွားခဲ့တာ ဖြစ်ပါတယ်။
ရေနှစ်မြှုပ်သွားတဲ့အတွက်ကြောင့် အဲဒီရပ်ကွက်နေသူ အိမ်ထောင်စု ၁၅၀ ကျော်၊ လူဦးရေ ၆၀၀ နီးပါးကို ဘေးလွတ်ရာ ပြောင်းရွှေ့ထားရပါတယ်။
ကြာအင်းဆိပ်ကြီးမြို့ ရေးကြီးမှုကြောင့် ယာယီကယ်ဆယ်ရေစခန်း ၄ ခု ဖွင့်လှစ်ထားရပြီး ကယ်ဆယ်ရေးစခန်းတွေ ထပ်ဖွင့်ဖို့ လုပ်ဆောင်နေတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
ကြာအင်းဆိပ်ကြီးမြို့ ရဲ့ အနိမ့်ပိုင်း ရပ်ကွက်တွေဟာ နှစ်စဉ် ရေကြီးမှုနဲ့ ရင်ဆိုင်နေရပြီး၊ ပုံမှန်ဆိုရင် တစ်ရက်လောက် ရေကြီးပြီး ရေပြန်ကျသွားပေမယ့် ဒီနှစ်မှာတော့ ရေက ကျဆင်းခြင်း မရှိဘဲ ဆက်လက် မြင့်တက်နေတာပါ။
လက်ရှိမှာတော့ ယာယီကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်နေတဲ့ ရေဘေးသင့်ပြည်သူတွေ အတွက် အကူအညီတွေ လိုအပ်နေပါတယ်။