ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်ထဲက အကျဉ်းသားတွေ ရဲ့ ထောင်တွင်းဆန္ဒပြပွဲစတင်ခဲ့ပြီးတဲ့နောက်မှာ နိုင်ငံတဝန်း မြို့ရွာအနှံ့က ပြည်သူတွေအနေနဲ့ သံပုံးတီးသပိတ်ကို ပြန်လည်စတင်ကြဖို့ နှိုးဆော်ထားပါတယ်။
အင်းစိန်အကျဉ်းထောင်တွင်းမှာ စစ်အာဏာရှင်စနစ် ပြုတ်ကျရေးနဲ့ ပတ်သက်တဲ့ ကြွေးကြော်သံတွေ ဟစ်ကြွေးကာ ထောင်တွင်းဆန္ဒပြပွဲ ဖြစ်ပေါ်ခဲ့ပြီးနောက် တပြိုင်တည်းမှာပဲ အင်းစိန်ထောင်အတွင်း စစ်အာဏာရှင် ကျဆုံးရေး တောင်းဆိုဆန္ဒပြခဲ့ကြတဲ့ သူရဲကောင်းတွေနဲ့အတူ ရပ်တည်ကြောင်း ရန်ကုန်မြို့က လူငယ်အချို့ ဆန္ဒထုတ်ဖော် ကြတာတွေ၊ မြို့နယ်တချို့မှာ သံပုံးတီးဆန့်ကျင်မှုတွေ လုပ်ဆောင်နေကြတာကို တွေ့ရပါတယ်။
“ထောင်တွင်းတိုက်ပွဲ ငါတို့တိုက်ပွဲ” ကြွေးကြော်သံနဲ့အတူ “အင်းစိန်လည်းထောင် တိုင်းပြည်လည်းထောင်၊ ငါတို့မှာငါတို့ပဲရှိတယ်၊ ငါတို့အတူတူ ရုန်းကြမယ်”စတဲ့ မြို့တော် ရန်ကုန်ရဲ့ စစ်အာဏာရှင်ဆန့်ကျင် မကောင်းဆိုးဝါးနှင် သံပုံးတီးဆန့်ကျင်မှုတွေနဲ့အတူ ဒီကနေ့ည ၈ နာရီမှာတော့ အားလုံးအတူတကွ ပါဝင်နိုင်မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ မတရားစစ်အာဏာသိမ်းကာလဟာ ၆ လနီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်ကာ အာဏာသိမ်း စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၉၃၁ ယောက်ထိ ရှိလာခဲ့ပြီး ၆၈၇၁ ယောက် ဖမ်းဆီးခံခဲ့ရကာ ၅၃၃၃ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲ ဖြစ်ပါတယ်။
လတ်တလောမှာတော့ မြန်မာနိုင်ငံအတွင်း အကျဉ်းထောင်တွေမှာ ဖမ်းဆီးထိန်း သိမ်းခံထားရသူအားလုံးအတွက် ကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု နည်းလမ်းတကျ ရရှိရေးအတွက် အခြေခံလူ့အခွင့်အရေးတွေကို လေးစားလိုက်နာဖို့ အာဏာပိုင်တွေကို မြန်မာနိုင်ငံအခြေစိုက် နိုင်ငံခြားသံရုံးတွေက ဒီကနေ့မှာ ပူးပေါင်းတောင်းဆိုလိုက်ပါတယ်။