စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ကမ်းဖြူအုပ်စု၊ ရေလည်မော်ကျေးရွာက ကြံ့ခိုင်ရေးပါတီ ရပ်/ကျေး စည်းရုံးရေးမှူး တစ်ဦး ဇူလိုင် ၂၂ ရက် မနက် ၉ နာရီလောက်က မန္တလေး-မြစ်ကြီးနား ဗျူဟာလမ်းဘေး ညောင်ပင်ပု ကျောက်ခွဲစက်အနီးမှာ သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးသွားပါတယ်။
သေဆုံးသွားသူဟာ အသက် ၄၅ နှစ်အရွယ်လောက်ရှိတဲ့ ဦးဆန်းမော်လင်းဖြစ်ပြီးသူဟာ ရေလည်မော်ကျေးရွာခွဲတာဝန်ခံလည်းဖြစ်သလို ကြံ့ခိုင်ရေးပါတီရဲ့ စည်းရုံးရေးမှူးလည်းဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ရွာကို စစ်ကောင်စီတပ်လာတုန်းက သီချင်းတွေဖွင့်ပြီး ကခုန် နေတဲ့သူပေါ့။ စာသင်ကျောင်းတွေ ဖွင့်စကလည်း ကျောင်းမထားတဲ့သူတွေကို ဖမ်းမယ် ဆီးမယ် ခြိမ်းခြောက်ဖူးတယ်။ မြင်တဲ့သူတွေပြောတာတော့ ကားပေါ်ကနေ သေနတ်နဲ့ ၈ ချက်လောက်ပစ်သွားတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဝက်လက်မြို့နယ်မှာ ဇူလိုင်လ ၁၅ ရက်နေ့ကလည်း အခုဖြစ်ပွားရာနဲ့ မနီးမဝေး သစ်ဆိမ့်ရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး တစ်ယောက် အသတ်ခံခဲ့ရပြီး ဒါဟာ ဒုတိယမြောက် အသတ်ခံရတာ ဖြစ်ပါတယ်။
အဆိုပါ ပစ်ခတ်သတ်ဖြတ်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး လတ်တလော ရဲတပ်ဖွဲ့က လာရောက်စစ်ဆေးနေပါတယ်။