ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်အတွင်းက ကျေးရွာတွေမှာ PDF တပ်ဖွဲ့တွေရှိတယ်ဆိုပြီး စစ်ကောင်စီတပ်တွေက လက်နက် လူအင်အားအပြည့်စုံနဲ့ တောနင်းရှာဖွေကာ ဒေသခံတွေရဲ့ ရိက္ခာတွေကို ယူဆောင်နေကြတယ်လို့ သိရပါတယ်။
ငှက်ကြီးကွင်းကျေးရွာအုပ်စုအနောက်ဘက် တောထဲမှာ ပြီးခဲ့ဇွန်လက သစ်အလုပ်သမား ၆ ဦးကိုဖမ်းဆီးပြီးနောက်ပိုင်း ဇူလိုင်လ ၁၉ ရက်နေ့ကစတင်ကာ အကြမ်းဖက်စစ်ကောင်စီတပ်တွေ ထပ်မံရောက်ရှိလာပြီး တောနင်းရှာဖွေတာလို့ ဒေသခံတွေကပြောပါတယ်။
ဒေသခံတဦးက "စစ်တပ်ရွာကိုမလာခင် တစ်ပတ်အလိုလောက်မှာ တောထဲဘက်ကို စစ်ရဟတ်ယာဥ်နဲ့ ပတ်ကြည့်တာတွေလုပ်တယ်၊ ဘာတွေ့လိုဆိုတာတော့ သေချာမပြောတတ်ဘူး။ ခုတော့ လူအင်အား ၁၀၀ ကျော်လောက်နဲ့ လက်နက်အပြည့်အစုံနဲ့ တောနင်းရှာနေတာ” လို့ ပြောပါတယ်။
ရွာထဲ PDF တပ်ဖွဲ့ဝင်တွေကို ရှာဖို့ဆိုပြီး ရောက်လာတဲ့ စစ်ကောင်စီတပ်က တောထဲမှာ စစ်သားတချို့ကို ကင်းချထားပြီး ကျန်တဲ့သူတွေက ရွာထဲက အိမ်မွေးကြက်တွေကို ဝင်လုယူကာ တောထဲက မီးသွေးလုပ်သူတွေကို ကင်ကျွေးခိုင်းတယ်လို့ ဆိုပါတယ်။
ဇူလိုင် ၂၁ ရက်နေ့မှာတော့ မှန်တန်းကျေးရွာကို ပြောင်းရွှေ့သွားပြီး ရွာဦးကျောင်းမှာ တပ်စွဲထားတာကြောင့် ရွာထဲဝင်ပြီး ရိက္ခာလုယူမှာကို စိတ်ပူနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။