မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် ကြည့်ငိုတောင်အနီးမှာ ဇူလိုင် ၁၉ ရက်နေ့ညက မိုင်းနင်းမိပြီး စစ်ကောင်စီတပ်သား ၁၂ ယောက်လောက် သေဆုံးခဲ့တယ်လို့ ပေါက်မြို့နယ် PDF အဖွဲ့ကနေ သိရပါတယ်။
ပေါက် PDF အဖွဲ့က ကြည့်ငိုတောင်အနီးမှာ မိုင်းထောင်ထားတဲ့ဟာကို စစ်ကောင်စီတပ်ဖွဲ့က နင်းမိပေါက်ကွဲခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်လို့ PDF အဖွဲ့ တာဝန်ရှိသူတစ်ယောက်က DVB ကို ပြောပါတယ်။
ပေါက်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို PDF အဖွဲ့က မိုင်းထောင်တိုက်ခိုက်နေတာဖြစ်ပြီး ၂ ရက်အတွင်း ၅၆ ယောက် သုတ်သင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ပေါက်မြို့နယ်တောင်ပိုင်းက ကင်းမရွာကို ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့က အကြမ်းဖက်စစ်အုပ်စုတွေ မီးရှို့ခဲ့တာကြောင့် အိမ်ခြေ ၂၀၀ လောက် မီးလောင်ဆုံးရှုံးခဲ့ပြီး သက်ကြီးဘိုးဘွားနှစ်ယောက်နဲ့ အိမ်မွေးတိရစ္ဆာန်တွေ အသက်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။