စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွင်မောင်မောင်နဲ့ ဒုရဲမှူးသန်းစိုးတို့ကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ဇူလိုင် ၁၈ ရက် ညပိုင်းမှာ ဖမ်းဆီးသွားပါတယ်။
ဗန်းမောက်မြို့နယ်မှာရှိတဲ့ ရွှေမျှောလုပ်ကွက်တွေ ပြန်အပ်တာကို သွားရောက်စစ်ဆေးပြီး အပြန်မှာ အမည်မသိ လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးသွားတာဖြစ်ပြီး ဝန်ထမ်း ၄ ယောက်လည်း ဖမ်းဆီးခံရတယ်လို့ လုပ်ကွက်စစ်ဆေးမှုပါဝင်သူ တစ်ယောက်က ပြောပါတယ်။
ဗန်းမောက် ကသာ-အင်းတော်-မံစီ လမ်းပိုင်းတစ်နေရာမှာ သေနတ်ပစ်ဖောက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ဦးကျော်စိုးဟာလည်း ပစ်ခတ်မှုကြောင့် ဘယ်ဘက်ရင်အုံ သေနတ်မှန်ပြီး ဒဏ်ရာရသွားပါတယ်။
အခုနောက်ဆုံးရရှိတဲ့ သတင်းအရ ဒုရဲမှူးသန်းစိုးနဲ့ သူ့ရဲ့ ကားမောင်းတဲ့သူက ထွက်ပြေးလွတ်မြောက်လာပြီး ဒုမြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ထမ်းတို့ကတော့ ပြန်လွတ်လာတာ မရှိသေးဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။