ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံလူနာတွေပိုမိုများပြားလာပါက စောင့်ကြည့်ကုသပေးနိုင်ဖို့ ကေအန်ယူ တပ်မဟာ ၆ နယ်မြေမှာ စစ်သည်ရဲဘော်တွေနဲ့ ဒေသတွင်းလူငယ်တွေပူးပေါင်းပြီး လူ ၂၀၀ ဆန့် ကွာရန်တင်းစင်တာ တစ်ခု ဆောက်လုပ်နေပါတယ်။
လေးကေကော်မြို့သစ် ဧရိယာမှာ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကာလအတွင်း ရောဂါ ကူးစက်ခံရသူတွေ များပြားလာနေသည့်အတွက် လေးကေကော် စာသင်ကျောင်းအဆောင်တွေမှာ လတ်တလော စောင့်ရှောက်ထားတာပါ။
အခုခါ ဒေသတွင်း ကျေးရွာတွေမှာလည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံ လူနာတွေ တွေ့ရှိလာပြီဖြစ်လို့ ကျောင်းဝင်းအတွင်း နေရာလွတ်မှာ ကွာရန်တင်းထားရှိစောင့်ကြည့် ကုသပေးဖို့ စီစဉ်နေတာပါ။
ကွာရန်တင်းအဆောင်တွေကို ကေအန်ယူ စစ်သည် ရဲဘော်တွေနဲ့ ဒေသတွင်းက လူငယ်တွေ စုပေါင်းကာ သစ်ဝါးအခြေခံ ယာယီအဆောက်အအုံတွေ ဆောက်လုပ်ကာ ကိုဗစ်လူနာတွေကို ပြုစု စောင့်ရှောက်သွားဖို့ ကိုယ်ထူကိုယ်ထ လုပ်ဆောင်နေတာလို့ လေးကေကော်မြို့သစ် စီမံအုပ်ချုပ်ရေး ကော်မတီ တာဝန်ရှိသူ စောဌေးမြင့်အောင်က ပြောပါတယ်။
လက်ရှိ လေးကေကော်မြို့သစ်မှာ ကိုဗစ်-၁၉ ကူးစက်မှုတတိယလှိုင်း ကာလအတွင်း ရောဂါပိုး ကူးစက်ခံထားရသူ သံသယ လူနာ ၁၀၃ ဦး ၊ ရောဂါပိုးတွေ့ရှိ ကုသစောင့်ရှောက်မှု ပေးနေရသူ ၄၃ ဦးနဲ့ ကိုဗစ်ပိုးကူးစက်ခံရကာ ကင်ဆာရောဂါအခံနဲ့ သေဆုံးခဲ့တဲ့ လူနာ ၁ ဦး ရှိနေပါတယ်။
လေးကေကော်မြို့နဲ့ ပတ်ဝန်းကျင် ကျေးရွာတွေဖြစ်တဲ့ ဖလူးကျေးရွာအုပ်စု မယ်ထော့်သလေး ကျေးရွာအုပ်စု၊ မင်းလက်ပံ ကျေးရွာအုပ်စုတွေမှာလည်း ကိုဗစ်-၁၉ ကူးစက်ရောဂါကူးစက် နေရသူတွေ၊ အနံ့ပျောက် အဖျားရောဂါရှိသူတွေလည်းရှိလာနေတဲ့အတွက် သူတို့ကို ကွာရန်တင်းထား စောင့်ကြည့် ကုသပေးဖို့ ကေအန်ယူက ယာယီ အဆောင်တွေ ဆောက်လုပ် စီစဥ် နေတာပါ။
ဒါပေမဲ့ ကိုဗစ်-၁၉ လူနာတွေအတွက် အောက်စီဂျင် အသုံးပြုကုသဖို့ လိုအပ်တွေ၊ ဆေးပစ္စည်းလိုအပ်ချက်တွေလည်း ရှိနေသေးတယ်လို့ လေးကေကော် ကိုဗစ်-၁၉ ကူးစက်ရောဂါ ထိန်းချုပ်စောင့်ကြည့်ရေးစင်တာမှ CDM ဆရာဝန်နဲ့ အရပ်ဖက် ကျန်းမာရေး ကူညီစောင့်ရှောက်သူတွေက ပြောပါတယ်။