မန္တလေးမြို့ရှိ ကိုဗစ်-၁၉ လူနာတွေအတွက် စေတနာရှင်တစ်ဦးက စွတ်ပြုတ်နဲ့ ငုံးကြော်တွေ ဒီကနေ့ အိမ်အရောက်လှူဒါန်းခဲ့ပါတယ်။
အလှူရှင်ဖြစ်သူက " အာဟာရရှိအောင် စားသောက်နိုင်ဖို့ ၊ ကိုယ်ခံအားကောင်းအောင်နေထိုင်နိုင်ဖို့နဲ့ အပြင်ထွက်ပြီး ဝယ်ဖို့အဆင်မပြေရင် အခုလှူဒါန်းရတဲ့ အစားအသောက်က တနပ်စာ စားဖို့အဆင်ပြေမယ်။ အများကြီးမလှူဒါန်းနိုင်တဲ့အတွက်လည်း စိတ်မကောင်းဖြစ်မိတယ်။ ရံဖန်ရံခါ လှူနိုင်အောင်လည်းကြိုးစားမယ်။ တတ်နိုင်တဲ့ဘက်က ဝင်ကူညီတာ၊ ပါဝင်ပေးတာပါ နေကောင်း ကျန်းမာအောင်လည်း အထူးဂရုစိုက်နေထိုင်ပေးကြပါ” လို့ ပြောပါတယ်။
ကိုဗစ် လူနာတွေ အိမ်ဆီ ရပ်ကွက်က စားစရာတွေ သွားရောက်ပေးပို့တာတွေ ရှိသလို ချက်ပြုတ်စားသောက်ဖို့ ဆန်ဆီဆား နဲ့ အသီးအရွက်တွေ သွားရောက်ပေးပို့ပြီး ပြည်သူအချင်းချင်း ကူညီနေကြပါတယ်။
မန္တလေးမှာ အောက်ဆီဂျင်ခက်ခဲနေသူတွေအတွက် လိုက်လံကူညီဆောင်ရွက်ပေးတာ၊ နယ်မြို့တွေအတွက် အောက်ဆီဂျင်စက်ရုံတွေတည်ဆောက်ဖို့ လှူကြတာ၊ အောက်ဆီဂျင်တန်းစီသူတွေကို အစားအစာနဲ့ ရေသန့်အအေးတွေ လှူဒါန်းတာတွေကိုလည်း ပြည်သူတွေ အချင်းချင်း လိုက်လံကူညီပေးနေကြပါတယ်။
Photo - MPA