မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ ဇူလိုင် ၁၃ ရက်နေ့က စစ်တပ်အရာရှိဟောင်း အမျိုးသားတစ်ဦး နေအိမ်မှာ အသတ်ခံလိုက်ရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
အသတ်ခံရသူ ဦးနိုင်မိုး(ခ) ဦးတင်ထွန်းနိုင်ဟာ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်လောက်က စစ်တပ်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အရာရှိတစ်ဦးဖြစ်ပြီး မိုးကုတ်ကို ၂၀၂၀ ပြည့်နှစ်ကမှ ပြောင်းရွှေ့လာသူ ဖြစ်ပါတယ်။
ဇူလိုင် ၁၃ ရက် နေ့လယ် ၃ နာရီမှာ သူ့ရဲ့ နေအိမ်မှာ သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတယ်လို့ကြားရပြီး နေအိမ်မှာရှိနေသူတွေကိုလည်း လက်ပြန်ကြိုးတုပ်ထားကာ ဦးနိုင်မိုးကို နေအိမ်မှာ သတ်သွားခဲ့တာလို့ မိုးကုတ်ဒေသခံက ပြောပါတယ်။
ဦးနိုင်မိုးကို ဘာကြောင့် ဘယ်သူက သတ်သွားတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။ ဦးနိုင်မိုး သေဆုံးပြီးနောက် သူ့ရဲ့ နေအိမ်ဝန်းကျင်မှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ စစ်သားတွေ လာရောက် စစ်ဆေးနေတယ်လို့ သိရပါတယ်။