ကယားပြည်နယ် လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက်မှာရှိတဲ့ ခရိုင်ရဲတပ်ဖွဲ့ရုံးနဲ့ လျှပ်စစ်ရုံးတို့ မနေ့ ဇူလိုင် ၁၂ ရက် ည ၉ နာရီကျော်မှာ ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ ကရင်နီပြည်သူ့ကာကွယ်ရေးတပ် KNDF (LOIKAW ZONE) ကကြေညာပါတယ်။
မနေ့ည ၉ နာရီ မိနစ် ၂၀ မှာ ဖြစ်ပွားခဲ့တဲ့ ခရိုင်ရဲရုံးနဲ့ EPC ရုံး ဗုံးပေါက်ကွဲမှုဖြစ်စဉ်ကို KNDF က ပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒီကနေ့ ဇူလိုင ၁၃ ရက်နေ့စွဲနဲ့ KNDF က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တပ်စွဲရာ နေရာတွေ၊ ပြည်သူလူထုတွေပေါ် အတင်းအကျပ်အခွန်အခတွေ ကောက်ခံတာတွေ လုပ်ဆောင်နေတဲ့ စစ်ကောင်စီလက်အောက်ခံ ဌာနတွေကို ပစ်မှတ်ထားပြီး ဆက်လိုက် တိုက်ခိုက်သွားမယ်လို့လည်း သူတို့ရဲ့ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒါ့အပြင် KNDF အဖွဲ့ဟာ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို အသက်ပေး ကာကွယ်နေတဲ့ အဖွဲ့ဖြစ်လို့ ပြည်သူလူထုအား ထိခိုက်နစ်နာစေတဲ့ အပြုအမူ၊ လုပ်ဆောင်ချက်တွေကို မည်သည့်အခါမျှ ပြုလုပ်သွားမှာ မဟုတ်ဘူးလို့လည်းဆိုပါတယ်။
မနေ့ညက လွိုင်ကော်ခရိုင်ရဲရုံးမှာ ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက် လက်နက်ငယ်ပစ်ခတ်မှုတွေ အနည်းငယ်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။