မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ကောက်ရိုးပုံကျေးရွာကို ဇူလိုင် ၁၂ ရက်နေ့က အာဏာသိမ်းစစ်ကောင်စီရဲ့ လက်နက်ကိုင်အဖွဲ့တွေ ဝင်ရောက်ရှာဖွေတာတွေ လုပ်ခဲ့ကြတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ လက်နက်ကိုင် အင်အား ၁၅ ယောက်လောက်က ဘုန်းကြီးကျောင်းနဲ့ နေအိမ်တချို့ကို ဝင်ရောက်ရှာဖွေတာတွေလုပ်ခဲ့တာကြောင့် ကျေးရွာနေပြည်သူတချို့ စိုးရိမ်ကြောက်လန့်ပြီး ထွက်ပြေးခဲ့ကြတယ်လို့ ဆိုပါတယ်။
“ရွာက ဓာတ်တိုင်တွေမှာ လူငယ်တချို့က ဒလန်နဲ့ ပတ်သက်လို့ သတိပေးစာတွေ ကပ်တယ်။ အဲဒါနဲ့ ရွာက ဒလန်တွေက ပိုက်ဆံပေးပြီး စစ်တပ်ကို ခေါ်တယ် ကြားတယ်။ သိန်း ၂၀ လောက် ပေးလိုက်ရတယ် ပြောတယ်။ အိမ်တွေကို မွှေနှောက်ရှာတာ ဘာမှတော့ တွေ့မသွားဘူး။ ဖမ်းခံရတဲ့သူလည်း မရှိဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။
ဒီကနေ့ ဇူလိုင် ၁၃ ရက်မှာ ပြည်သူတွေ ကိုယ့်အိမ်မှာ ပြန်နေထိုင်ကြပေမယ့် အာဏာသိမ်းစစ်ကောင်စီရဲ့ လက်နက်ကိုင်အဖွဲ့တွေ ထပ်မံရောက်လာမှာကို စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။