မင်းကင်းမြို့နယ် ပန်းဆက်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူးစောထီး အဖွဲ့ဝင်တွေဟာ ချင်းတွင်းမြစ်သွားလားနေတဲ့ ရေယာဉ်တွေကို ဖမ်းဆီးပြီး ငွေကြေးနဲ့ပစ္စည်းတွေ အတင်းအဓမ္မယူဆောင်နေတယ်လို့ မော်တော်ယာဉ်ပိုင်ရှင်တွေက ပြောပါတယ်။
လုံခြုံရေးအရအမည်မဖော်လိုသူ မော်တော်ပိုင်ရှင်တစ်ဦးက “ကျနော်တို့ မော်တော်က ချင်းတွင်းမြစ်အထက်ပိုင်းကို ကုန်ပစ္စည်းအပို့သွားတဲ့ ကုန်တင်မော်တော်ပါဗျ။ ကျနော်တို့ကို ဇူလိုင်လ ၁၀ ရက်နေ့က မင်းကင်းမြို့ရဲ့ အောက်ဘက်မှာရှိတဲ့ ပန်းဆက်ကျေးရွာအုပ်စု၊ တောင်ဖြူရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ အရပ်ဝတ်လူတွေက ကျနော်တို့မော်တော်ကို သေနတ်ဖောက်ပြီး ကမ်းကပ်ခိုင်းတယ်။ ပြီးတော့ ကျနော်တို့ မော်တော်ပေါ်မှာပါတဲ့ ပစ္စည်းမှန်သမျှကို သူတို့ကြိုက်ရင် အကုန်ယူတယ်။ ကျနော်တို့ မော်တော်တစီးတင် ဒါမျိုး လုပ်ခံရတာမဟုတ်ဘူးဗျ၊ အတော်များတယ်။ အသိမိတ်ဆွေ မော်တော်တွေလည်း ကျနော်လိုမျိုး အယူခံခဲ့ရတယ်ဗျ” လို့ ပြောပါတယ်။
ပန်းဆက်ကျေးရွာဟာ မင်းကင်းမြို့နယ်အတွင်းပါတဲ့ ကျေးရွာတခုဖြစ်ပြီး စစ်ကောင်စီတပ်နဲ့ ပျူစောထီးတပ်တွေ အခိုင်အမာတပ်စွဲထားတဲ့ ကျေးရွာတခုလည်း ဖြစ်ပါတယ်။
မင်းကင်းပြည်သူကာကွယ်ရေးတပ်မတော် (PDF) ကလည်း ခရီးသွားပြည်သူတွေနဲ့ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွေ ထိခိုက်နစ်နာမှုမရှိကြစေရေး၊ အန္တရာယ်ကင်းရှင်းရေးအတွက် မင်းကင်းမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းအတွင်း ဖြတ်သန်းသွားလာခြင်းမပြုကြဖို့၊ မော်တော်ရေယာဉ်ပိုင်ရှင်တွေအနေနဲ့ မိမိတို့ရောက်ရှိရာ ဆိပ်ကမ်းတခုမှာ အန္တရာယ်ကင်းရှင်းရေးအတွက် ဆိုက်ကပ်စောင့်ဆိုင်းဖို့ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။