မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ဒေးဝန်းအနောက် ကြေးနန်းဝင်းရပ်ကွက် သင်္ဂဇာချောင်း အနောက်ဘက်ပတ်လမ်းပေါ်မှာ ဇူလိုင် ၁၁ ရက် မနက် ၁၀ နာရီလောက်က မီတာခလာကောက်သူ နှစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ၁ ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။
အနီးပတ်ဝန်းကျင်ရှိ ပြည်သူတစ်ဦးက “မီတာခကောက်တဲ့သူ နှစ်ယောက်ကို ဆိုင်ကယ် လေးစီးနဲ့ ရောက်လာပြီး သေနတ်နဲ့ နှစ်ချက် ဆက်တိုက်ပစ်တယ်။ တစ်ယောက်က လွတ်သွားတယ်။ တစ်ယောက်ကတော့ ရင်ဘတ်ကို မှန်ပြီး သေသွားတယ်” လို့ ပြောပါတယ်။
မီတာခ ကောက်သူနှစ်ဦးဟာ အောင်မြေသာစံမြို့နယ် သာယာကုန်းရပ်ကွက်နဲ့ ချမ်းအေးသာစံမြို့နယ် လက်ရွေးအရပ်တို့မှာ ကောက်ခံသူတွေဖြစ်ပြီး သေဆုံးသူဟာ သာယာကုန်းဘက်မှာ မီတာခ ကောက်သူဖြစ်တယ်လို့ သိရပါတယ်။
အခုအခါ ပစ်ခတ်မှုဖြစ်တဲ့အနီး အာဏာသိမ်းစစ်ကောင်စီရဲ့ လက်နက်ကိုင်အဖွဲ့တွေ အရပ်ဝတ်နဲ့ ရောက်နေပြီး လှည့်လည်ကြည့်နေကြတယ်လို့ သိရပါတယ်။