မန္တလေးခရိုင် ပုသိမ်ကြီးမြို့နယ် ကျီကုန်းကျေးရွာလမ်းသွယ် ၆ နဲ့ ၇ ကြားမှာ ဇူလိုင် ၁၀ ရက် ည ၈ နာရီလောက်က အပြန်အလှန်ပစ်ခတ်မှု တစ်ခုဖြစ်ပွားခဲ့ပြီး အာဏာဖီဆန်ရေး (CDM) လုပ်ထားတဲ့ ယာဉ်ထိန်းတစ်ဦး သေနတ်ကျည်ထိမှန် ကျဆုံးခဲ့ပါတယ်။
CDM လုပ်ထားတဲ့ ရဲဝန်ထမ်း ၄ ဦး နေထိုင်တယ်ဆိုတဲ့ သတင်းကြောင့် အာဏာသိမ်းစစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေ ရောက်ရှိလာပြီး ဝင်ရောက်ရှာဖွေရာမှ အပြန်အလှန်ပစ်ခတ်မှုဖြစ်တာလို့ သိရပါတယ်။
ပုသိမ်ကြီးမြို့နယ် နေထိုင်သူတစ်ဦးက “ညပိုင်းက သေနတ်သံတွေတော့ ကြားရတယ်။ ပစ်သံတွေက အပြန်အလှန်ပစ်သံတွေပဲ။ တစ်ဦးသေတယ်လို့တော့ ကြားတယ်။” လို့ ပြောပါတယ်။
သေဆုံးသူမှာ အမှတ်(၉၁)ယာဉ်ထိန်းရဲတပ်ဖွဲ့ (မန္တလေး) က CDM လုပ်ထားတဲ့ ရဲတပ်သား ခန့်ကိုကိုဖြစ်ပြီး ဝမ်းဗိုက်ကို သေနတ်မှန် သေဆုံးတာလို့ သိရပါတယ်။
ဒါ့အပြင် CDM လုပ်ထားတဲ့ ရဲတပ်သား ၂ ဦးကို အာဏာသိမ်းစစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေ ဖမ်းဆီးသွားခဲ့ကြပြီး ၁ ဦး ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။