Home
မြန်မာသတင်း
မွန်ပြည်နယ်တွင် တနေ့တည်း ကိုဗစ်အတည်ပြုလူနာ ၂၄၀ ထပ်တွေ့၊ ၇ ဦး သေဆုံး
DVB
·
July 11, 2021
474269-COVID-19-MawLaMyaing-730x365
214373009_1651982785132650_5935245676124851628_n
209366862_1651982831799312_3106432592650385812_n
208859863_1651982715132657_4713963576451121035_n

မွန်ပြည်နယ်မှာ ဇူလိုင် ၁၀ ရက်နေ့ တစ်ရက်တည်း ကိုဗစ်အတည်ပြုလူနာ ၂၄၀ ထပ်မံ တွေ့ရှိခဲ့ပြီး သေဆုံးသူ ၇ ဦး ရှိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။

ရောဂါပိုးတွေ့ရှိမှုအရ မွန်ပြည်နယ်ရဲ့ ၁၀ မြို့နယ် စလုံးမှာ ကိုဗစ်ရောဂါပိုး ၆ ရက်ဆက်တိုက် တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

မော်လမြိုင်၊ သံဖြူဇရပ်၊ သထုံနဲ့ ကျိုက်မရောမြို့နယ်တို့မှာ ရောဂါပိုး အများစု ကူးစက်ခံရတာ ဖြစ်ပါတယ်။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရဲ့ အဓိက ပွဲရုံတန်းတစ်ခု ဖြစ်တဲ့ ဈေးကြို ရတနာထွန်းပွဲရုံတန်းကိုလည်း ဇူလိုင် ၁၂ ရက်နေ့မှ ၁၉ ရက်နေ့အထိ ပိတ်သိမ်းထားဖို့ စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့က  ညွှန်ကြားထားပါတယ်။

ဈေးကြို ရတနာထွန်းပွဲရုံတန်းဟာ မွန်ပြည်နယ်အပါအဝင် တခြားတိုင်းနဲ့ ပြည်နယ်အချို့ကို  ကုန်စည်တွေ အဓိက ရောင်းဝယ် ဖောက်ကားနေတဲ့ ပွဲရုံတန်းတစ်ခုလည်း ဖြစ်ပါတယ်။

စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့ကတော့ မော်လမြိုင်မြို့နယ်မှာ ကိုဗစ်ရောဂါပိုး ကူးစက်မှုနှုန်း ဆက်တိုက်မြင့်တက်နေတဲ့အတွက်ကြောင့် ပွဲရုံတန်းကို ပိတ်သိမ်းရတာလို့ ဆိုထားပါတယ်။

ပွဲရုံတန်းလုပ်ငန်းရှင်တွေကတော့ ကိုဗစ်ကပ်‌ရောဂါကြောင့် ပိတ်သိမ်းတာ လက်ခံပေမယ့် ရက်ရှည်ပိတ်ထားရင် ကုန်စည်စီဆင်းမှုတွေ ပြတ်တောက်သွားနိုင်တယ်လို့ ဆိုပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ မွန်ပြည်နယ်အတွင်းက ဈေးအားလုံးကို ပိတ်သိမ်းခိုင်းထားပြီး ဈေးတွေမှာ အခြေခံစားသောက်ကုန်နဲ့ ဆေးဝါးတွေကိုသာ ရောင်းချခွင့်ပေးအပ်ထားပါတယ်။

မွန်ပြည်နယ်မှာ ဇူလိုင် ၁၀ ရက်နေ့ထိ  ကိုဗစ်အတည်ပြုလူနာ ၂၃၀၀ ကျော်ထိ  ရှိလာခဲ့တာဖြစ်ပြီး အဲဒီထဲမှာ ကိုဗစ်အတည်ပြုလူနာ ၇၀ ကျော် သေဆုံးထားပါတယ်။

မွန်ပြည်နယ်မှာ ကိုဗစ်အတည်ပြုလူနာ နေ့စဉ်နဲ့အမျှ တိုးလာတဲ့အတွက်ကြောင့် ကိုဗစ်ကုသရေးဆေးရုံတွေ ထပ်မံ တိုးချဲ့ပြင်ဆင်နေတယ်လို့ မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူက DVB ကို ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024