လတ်တလော နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ဘေးရှောင်တွေအတွက် အရေးပေါ်လိုအပ်နေတဲ့ ဆေးစိမ်ခြင်ထောင်တွေ လှူဒါန်းနိုင်ကြောင်း Clean Yangon အဖွဲ့က နှိုးဆော်ထားပါတယ်။
ဒီတစ်ခါ ဒုတိယအကြိမ်အနေနဲ့ ခြင်ထောင်အလုံး ၅၀၀ လှူဒါန်းသွားမှာဖြစ်ပြီး တလုံးကို ငွေကျပ် ၇,၀၀၀ နှုန်းနဲ့ လှူဒါန်းနိုင်မှာ ဖြစ်ပါတယ်။
လှူဒါန်းလိုသူတွေအနေနဲ့ Clean Yangon အဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှု ကွန်ရက်မှတဆင့် ဆက်သွယ်လှူဒါန်းနိုင်မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်ကာ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူခဲ့တာကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ နွေဦးတော်လှန်ရေးကာလဟာ ၅ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။
ဒီကာလတွေအတွင်း အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ထိခိုက်ကျဆုံးရသူတွေ၊ ဖမ်းဆီးထောင်ချခံရသူတွေနဲ့အတူ နိုင်ငံအဝန်း တောရောမြို့ပါမကျန် ဒေသခံပြည်သူ့ကာ ကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြားတိုက်ပွဲတွေလည်း ပြင်းထန်နေခဲ့တာပါ။
ဒီတိုက်ပွဲတွေကြောင့် အိုးပစ်အိမ်ပစ် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေဟာလည်း တနေ့တခြား ပိုမိုများပြားလာနေပါတယ်။
Clean Yangon အဖွဲ့ကတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနဲ့ အတူ ရန်ကုန်မြို့တော် သာယာလှပရေးနဲ့ သန့်ရှင်းရေးအတွက် စွန့်ပစ်အမှိုက် အသိပညာပေးရေး လှုပ်ရှားမှုတွေနဲ့ ထင်ရှားပြီး ကိုဗစ်-၁၉ ကပ်ဘေးကာလ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေမှာလည်း တစိုက်မတ်မတ် လှုပ်ရှားခဲ့တဲ့ အဖွဲ့တဖွဲ့ ဖြစ်ပါတယ်။
လတ်တလောမှာတော့ မတရားအာဏာသိမ်းကာလ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ဒေသခံတွေကြား ပဋိပက္ခတွေကြောင့် နေရပ်ဒေသအသီးသီးက ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် လိုအပ်တဲ့ တထောင့်တနေရာကနေ ပံ့ပိုးကူညီမှုတွေ တစိုက်မတ်မတ် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။