ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ လောဓမ္မရပ်ကွက်နေ အမျိုးသား ၁ ဦး ဇူလိုင်လ ၄ ရက်နေ့ညက သေနတ်ပစ်ခံရပြီး ဆေးရုံပို့ဆောင်ကုသစဉ် သေဆုံးသွားတယ်လို့ ဒေသခံတဦးက ပြောပြပါတယ်။
“မနေ့က ညနေ ၅ နာရီလောက်က သူတို့သားအဖ နှစ်ယောက် အိမ်ရှေ့မှာထွက်ထိုင်နေကြတယ်လို့ပြောတယ်။ ၇ နာရီလောက်မှာ သူတို့ကို လာပြီး ဆိုင်ကယ်နဲ့ လာပစ်သွားတယ်တဲ့။ ဆိုင်ကယ်နဲ့လာပစ်တာက အရပ်ဝတ်နဲ့တဲ့။ လာပစ်တော့ သူတို့သားအဖနှစ်ယောက်ထ ပြေးတာ။ အဖေက ကျောကို မှန်သွားတာပေါ့နော်။ ”
သေနတ်နဲ့ အပစ်ခံရသူမှာ ဦးမြင့်သိန်းဆိုသူဖြစ်ပြီး ကျောမှာသေနတ်ကျည်ထိမှန်ကာ စိုးရိမ်ရတာကြောင့် ဆေးရုံပို့ဆောင်ခဲ့ပေမယ့် တစ်နာရီကျော်အကြာမှာ သေဆုံးသွားခဲ့ပါတယ်။
သေနတ်ပစ်ခတ်မှုနဲ့ပတ်သက်လို့ အကြောင်းအရာ အတိအကျ မသိရသေးပေမယ့် ရပ်ကွက်ထဲမှာတော့ သူတို့ဟာ ဒလန်လို့ သတ်မှတ်ခံထားရတယ်လို့လည်း ဆိုပါတယ်။