ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် နှစ်ယောက် ထပ်မံတွေ့ရှိတယ်လို့ ရွှေလွိုင်ကော် ပရဟိတအသင်းဆီက သိရပါတယ်။
အတည်ပြုလူနာသစ်တွေကတော့ လွိုင်ကော်မြို့ မင်္ဂလာရပ်ကွက်က အမျိုးသား တစ်ယောက်နဲ့ ဒေါတမရပ်ကွက် ပေါက်ပင်ကျောင်းနားက အမျိုးသား တစ်ယောက်တို့ဖြစ်ပါတယ်။
အဆိုပါ အမျိုးသား နှစ်ယောက်ဟာ ဖျားနာတာ၊ အနံ့မရတာကြောင့် မေလ ၄ ရက်နေ့က လွိုင်ကော် ဆေးရုံကြီးမှာ သွားရောက်စစ်ဆေးရာမှာ ပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဒီနောက် နေပြည်တော်သို့ အတူတူသွားပြန်ခဲ့ပြီး ဇွန်လ ၃၀ ရက်နေ့က လွိုင်ကော်သို့ ပြန်ရောက်ခဲ့တာလို့ ဆိုပါတယ်။
ပိုးတွေ့လူနာနဲ့ ထိတွေ့သူ မင်္ဂလာရပ်ကွက်က အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၅ ယောက်၊ ဒေတမရပ်ကွက်က အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး ၃ ယောက် စုစုပေါင်း ၁၂ ယောက် တို့ကို သူနာပြုသင်တန်းကျောင်း ကွာရန်တင်းစင်တာကို ပို့ဆောင်ခဲ့ကြောင်း ရွှေလွိုင်ကော် ပရဟိတရဲ့ လူမှုကွန်ရက်မှာ ဖော်ပြပါတယ်။
ဇွန်လ ၃၀ ရက်ကလည်း လွိုင်ကော်မြို့က အမျိုးသမီး တစ်ယောက် ကိုဗစ်အတည်ပြုပိုးတွေ့ရှိခဲ့တာကြောင့် လက်ရှိ လွိုင်ကော်ပြည်သူ့ဆေးရုံမှာ ကိုဗစ်- ၁၉ အတည်ပြုလူနာ ၃ ယောက် ဆေးကုသမှုခံယူနေပါတယ်။
ကိုဗစ်-၁၉ ရောဂါ စတင်ပြန့်ပွားချိန်ကစပြီး ဇန်နဝါရီ ၃၁ ရက်အထိ ကယားပြည်နယ်မှာ ပိုးတွေ့လူနာ ၁၁၂ ယောက်ရှိခဲ့ပြီး အာဏာသိမ်းပြီးနောက် တတိယလှိုင်းကာလမှာ လွိုင်ကော်ပြည်သူ့ဆေးရုံမှာ လူနာ ၃ ယောက် ဆေးကုသမှုခံယူနေရပါတယ်။