ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ နယ်မြေခံတပ်ရင်းတခုဖြစ်တဲ့ ခလရ ၅၈ က ကချင်လွတ်မြောက်ရေးတပ် (ကေအိုင်အေ) ရှိရာဘက်ကို ဒီနေ့ မွန်းတည့် ၁၂ နာရီလောက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ သိရပါတယ်။
“သုံးလေးချက်တော့ရှိပြီ တော်တော်ပြင်းတယ်။ ၁၂၀ မမ ထင်တယ်။ ဒီဘက်မှာက ကေအိုင်စခန်းဆိုရင် နန်ဇော်ဘက်ကိုပစ်တာ။ ခုတော့ ငြိမ်နေတယ်” လို့ ဒေသခံက ပြောပါတယ်။
လက်နက်ကြီးတွေနဲ့ သုံးလေးချက်ထက်မနည်း ပစ်ခတ်မှုကြောင့် ခလရ ၅၈ တပ်နဲ့ ၁၂ မိုင်အကွာရှိ ဝါရှောင်ကျေးရွာ အနောက်ဘက်မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဝါရှောင်ရွာခံ တစ်ဦးက ပြောပါတယ်။
“နေ့လယ်ထမင်းစားနေတာ အဲ့ဒါ ဂျိမ်းဆိုပြီးအသံကြားတာ လန့်တာသေတော့မယ်။ ရွာနောက်ဘက်လောက်မှာ”။
ဝိုင်းမော်မြို့မှာ နယ်မြေခံတပ်ရင်းအဖြစ် မဒိန်ကျေးရွာမှာ ခလရ ၅၈ နဲ့ ရွှေညောင်ပင်ကျေးရွာက ခမရ ၃၂၁ တပ်တို့ရှိတဲ့အနက် စစ်အာဏာသိမ်းပြီးနောက် ခလရ ၅၈ တပ်မှာ အမြောက်တပ်တွေထိုင်ကာ လက်နက်ကြီးတွေနဲ့ ပစ်ကူလေ့ရှိတတ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။