ကယားပြည်နယ် စစ်ဘေးရှောင်စခန်းက ကလေးတွေ ပညာရေးအတွက် ပါဝင် လှူဒါန်းနိုင်ကြောင်း Clean Yangon အဖွဲ့က နှိုးဆော်ထားပါတယ်။
ခုတခါမှာတော့ ပညာရေးအထောက်အကူပြု ပစ္စည်းတွေ လှူသွားမှာဖြစ်ကာ ပစ္စည်းပို့ရခက်ပြီး နီးစပ်ရာမြို့က ဝယ်ကူရမှာဖြစ်တာမို့ ငွေသားပဲ အဓိကထား လှူပေး စေချင်တယ်လို့ ဆိုပါတယ်။
ဒီလှူဒါန်းမှုကိုတော့ ဇူလိုင် ၁ ရက်နေနဲ့ ၂ ရက်နေ့ နှစ်ရက်တာ ကောက်ခံသွားမှာဖြစ်ပြီး အလှူရငွေ အားလုံးကို သင်ကြားရေးဆောင်ရွက်နေတဲ့ အဖွဲ့ဆီကို တိုက်ရိုက် လှူပေးသွားမယ်လို့ ဆိုပါတယ်။
Clean Yangon အဖွဲ့ကတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနဲ့ အတူ ရန်ကုန်မြို့တော် သာယာလှပရေးနဲ့ သန့်ရှင်းရေးအတွက် စွန့်ပစ်အမှိုက် အသိ ပညာပေးရေး လှုပ်ရှားမှုတွေနဲ့ ထင်ရှားပြီး ကိုဗစ်-၁၉ ကပ်ဘေးကာလ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေမှာလည်း တစိုက်မတ်မတ် လှုပ်ရှားခဲ့တဲ့ အဖွဲ့တဖွဲ့ ဖြစ်ပါတယ်။
လတ်တလောမှာတော့ မတရားအာဏာသိမ်းကာလ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ဒေသခံတွေကြား ပဋိပက္ခတွေကြောင့် နေရပ်ဒေသအသီးသီးက ထွက်ပြေးတိမ်း ရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် လိုအပ်တဲ့ တထောင့်တနေရာကနေ ပံ့ပိုးကူညီမှုတွေ တစိုက်မတ်မတ် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။