ကရင်ပြည်နယ် မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့နဲ့ မဲဆောက်မြို့မှာ ကိုဗစ်ကူးစက်လူနာ ပိုများလာကြောင်း ဇွန်လ ၃၀ ရက်နေ့မှာ ထိုင်းနဲ့ မြန်မာကျန်းမာရေးဌာနတွေက သတင်းထုတ်ပြန်ထားပါတယ်။
ကိုဗစ်ပိုးကူးစက်မှုတွေဟာ မြဝတီမြို့က စာသင်ကျောင်းခန်းထဲက ကျောင်းသားတွေနဲ့ ကျောင်းသားမိဘတွေအပြင် သူတို့နဲ့ ထိတွေ့သူအများစုမှာ ရောဂါကူးစက်ခံထားရပါတယ်။
စာသင်ကျောင်းတွေ ပြန်ဖွင့်ပေမယ့် ကျောင်းသူကျောင်းသားတွေဟာ ကိုဗစ်ကြောင့် ကျောင်းမတက်ကြဘူးလို့ ဆိုပါတယ်။
မြဝတီမြို့ တစ်ဘက်ကမ်း ထိုင်းနိုင်ငံ မဲဆောက်မြို့က အလုပ်ရုံတစ်ခုမှာလည်း ရွှေ့ပြောင်းအလုပ်သမားတွေ ရာချီကိုဗစ်ပိုးတွေ့ရှိလို့ အလုပ်ရုံယာယီပိတ်ကာ ဆေးကုသမှုခံယူနေရပြီး နီးစပ်ထိတွေ့သူတွေကိုတော့ ၁၄ ရက် သီးသန့်ထားစောင့်ကြည့်မှာဖြစ်ပါတယ်။
မြန်မာ-ထိုင်းနယ်စပ်မှာ ကိုဗစ်ကူးစက်မှု ပိုများလာတဲ့အတွက် မြဝတီ-မဲဆောက် သောင်ရင်းမြစ် ဖြတ်ကူးသွားလာတာကို လုံခြုံရေးတင်းကြပ်ထားရာ ကုန်ပစ္စည်းပို့တာနဲ့ ကုန်သွယ်မှုတွေ ပို့ဆောင်ရာမှာလည်း ကြန့်ကြာမှုတွေရှိနေပါတယ်။
ဇွန် ၂၉ ရက်နေ့က မြဝတီမြို့မှာ ရောဂါကူးစက်ခံရသူ ၆၂ ဦး၊ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာတော့ ကိုဗစ်ကူးစက်လူနာသစ် ၆၅ ဦးရှိပြီး သေဆုံးသူကတော့ ၇ ဦးထက်မကျော်လွန်သေးဘူးလို့ သိရှိရပါတယ်။