မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ရွှေပြည်ကျေးရွာရှိ ရွှေပြည်ရဲကင်းမှာ ဇွန် ၂၈ ရက် ည ၁၁ နာရီခွဲလောက် ရဲတပ်သားတစ်ဦးက ဒုရဲအုပ်တစ်ဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။
ရဲကင်းစခန်းမှာ ဒုရဲအုပ်ဟာ ရေပိုက်နဲ့ ပန်းပင်ရေလောင်းနေတဲ့အချိန် စျေးဝယ်ပြန်လာတဲ့ ရဲတပ်သားဟာ ဆိုင်ကယ်နဲ့ ရေပိုက်ကို တက်နင်းမိတာကြောင့် ဒုရဲအုပ်က ရဲတပ်သားကို ဆဲဆိုခဲ့ပါတယ်။
ဒီလို ဆဲဆိုတာကိုမကျေနပ်တဲ့အတွက် ရဲတပ်သားဟာ သူကိုင်တဲ့ BA 63 သေနတ်နဲ့ပစ်ခဲ့ရာ ဒုရဲအုပ်မှာ ယာလက်မောင်းဖောက်ဝင်ဒဏ်ရာ ၂ ချက်၊ ယာပါးဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာနားထင်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝမ်းဗိုက်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ရင်အုံဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ရရှိပြီး နေရာမှာ သေဆုံးခဲ့တယ်လို့ မှုခင်းမှတ်တမ်းအရသိရပါတယ်။
သေနတ်နဲ့ပစ်ခဲ့တဲ့ ရဲတပ်သားကို စဉ့်ကူးမြို့မရဲစခန်းမှာ ချုပ်ထားပြီး ဥပဒေအရ အရေးယူဖို့ လုပ်ဆောင်နေပါတယ်။