ကချင်ပြည်နယ်၊ ဗန်းမော်မြို့ ပေါက်ကုန်းရပ် ရွက်လှလမ်းတွင် ဖွင့်လှစ်ထားသော AW Food and shisha paradise ဆိုင်မှာ ဇွန် ၂၅ ရက်နေ့ည ၁၀ နာရီဝန်းကျင်လောက်က စစ်ကောင်စီအဖွဲ့ ဖမ်းခေါ်သွားတဲ့ လူငယ်တွေ ဇွန် ၂၆ ရက်က ပြန်လွတ်လာတယ်လို့ သိရပါတယ်။
အဲဒီဆိုင်ကို ရဲကား ၅ စီး၊ စစ်ကား ၄ စီး၊ အိမ်စီးကား ၃ စီး အင်အားအလုံးအရင်းနဲ့ အကြမ်းဖက်စစ်ကောင်စီအဖွဲ့က ဝင်ရောက်ရှာဖွေ စစ်ဆေးကာ လူငယ် ၁၀ ယောက်ကျော်အား
ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။
အဆိုပါလူငယ်တွေကို ရဲစခန်းဝန်းအတွင်း ဖမ်းဆီး စစ်ဆေးမေးမြန်းခံခဲ့ရပြီး မိဘအုပ်ထိန်းသူတွေနဲ့ AW ဆိုင်ပိုင်ရှင်က အာမခံပေးတာကြောင့် ပြန်လည်လွတ်မြောက်ခဲ့တာလို့ ဆွေမျိုးနီးစပ်သူတချို့ဆီကနေ သိရှိရပါတယ်။
ဗန်းမော်မြို့တွင်းနဲ့ မြို့ပြင်ဘက်တွေမှာ အကြမ်းဖက်စစ်ကောင်စီဝင်တွေက လူငယ်တွေကို PDF အဖွဲ့ဝင်တွေဆိုပြီး စွပ်စွဲကာ ညစဉ် ဥပဒေမဲ့ ရှာဖွေဖမ်းဆီးနေတာကြောင့် မြို့နေ မိဘအုပ်ထိန်းသူတွေ စိုးရိမ်နေကြပါတယ်။
ကျောင်းသားလူငယ်အများစုနဲ့ NLD ပါတီဝင် အမှုဆောင်တွေကိုလည်း အခုဇွန်လအတွင်း ဖမ်းဆီးထားတာ ၄၀ ဝန်းကျင်ရှိပြီး အချို့က ဘယ်နေရာမှာ ဖမ်းဆီးခံထားရမှန်းမသိဘဲ အကြမ်းဖက်စစ်တပ်က လူမဆန်စွာ စစ်ကြောရေး ပြုလုပ်နှိပ်စက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။