ပဲခူးတိုင်းအနောက်ပိုင်း၊ သဲကုန်းမြို့နယ်အတွင်း မြို့တွေမှာ စည်ပင်သာယာနဲ့ပတ်သက်တဲ့ အခွန်အခတွေကို အမြန်ဆုံးပေးဆောင်ကြဖို့ စစ်ကောင်စီအကြမ်းဖက်တပ်ဖွဲ့တွေက ပြည်သူတွေထံက ခြိမ်းခြောက် တောင်းခံနေပါတယ်။
သဲကုန်းမြို့၊ ပုတီးကုန်းမြို့နဲ့ အင်းမမြို့တွေမှာ ခုလို အခွန်အဓမ္မ ကောက်ခံနေတာဖြစ်ပြီး အခွန်မပေးရန် ဆိုင်ခန်းတွေကို ဖယ်ရှားမယ်လို့ ခြိမ်းခြောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံစျေးသည်တစ်ဦးက "သူတို့က စာထုတ်တာမဟုတ်ဘူး။ လူကိုယ်တိုင်လာပြောတာ။ ပြည်သူတွေကိုရော၊ စျေးဆိုင်တွေရောအကုန်ပါတယ်။ ဆိုင်ခွန် ဆိုင်းဘုတ်ခွန် အိမ်ခွန် စည်ပင်သာယာနဲ့ ပတ်သက်တဲ့ အခွန်တွေအားလုံး အတင်း၊အဓမ္မ ခြောက်လှန့်ပြီးလာကောက်တာ။ လက်နက်တွေနဲ့ဆိုတော့ တချို့ပြည်သူတွေက ပေးဆောင်လိုက်တယ်။ သဲကုန်းက ပုတီးကုန်း၊ သဲကုန်း၊ ဝက်ပုတ်၊ အင်းမ၊ ဆင်မြီးဆွဲမြို့တွေပေါ့။ သဲကုန်းကမြို့နယ်ဆိုတော့ပိုပြီး တင်းကျပ်တယ်။ မဆောင်ရင် တရားဆွဲမယ် ဆိုင်ခန်းတွေ ဖယ်ရှားမယ်လို့ ပြောတယ်။ အိမ်မှာဖွင့်တဲ့ဆိုင်တွေရော စည်ပင်သာယာပိုင်တဲ့ ဆိုင်တွေရော အကုန်ပါတယ်'' လို့ပြောပါတယ်။
သဲကုန်းမြို့နယ်အတွင်း နိုင်ငံပိုင် စျေးဆိုင်းခန်း စုစုပေါင်း ၁၄၅၀ လောက်ရှိတယ်လို့ စည်ပင်သာယာရုံးရဲ့ စာရင်းတွေအရ သိရပါတယ်။