ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့၊ မြန်မာရပ် ရပ်ကွက်ရုံးရှေ့က လမ်းမထက်မှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသားတစ်ယောက်ကို ဇွန် ၂၃ ရက်ညက စစ်တပ်က ရည်ရွယ်ချက်ရှိရှိ သေနတ်နဲ့ ချိန်ရွယ်ပစ်ခတ်ခဲ့လို့ ဦးခေါင်းကို ကျည်ထိမှန်ကာ နေရာမှာပင် သေဆုံးခဲ့ပါတယ်။
ကျည်ထိမှန်ပြီးသေဆုံးသွားသူဟာ မြန်မာရပ်မှာ နေထိုင်တဲ့ ကိုအောင်မင်းသူဖြစ်ပြီး ကျည်ဆန်ထိမှန်ခဲ့လို့ ဦးခေါင်းပွင့်ထွက်ဒဏ်ရာနဲ့ ဆိုင်ကယ်မှောက်လဲကျ သေဆုံးသွားခဲ့တာလို့ မျက်မြင် ဒေသခံတွေက ဆိုပါတယ်။
"ပစ်သံကို အိမ်ကနေ ကြားရတယ်။ ခါတိုင်းလို အသံပေးတယ် ပဲထင်တာ။ စိတ်ကိုမကောင်းဘူး။" လို့ အနီးနားမှာနေထိုင်သူ တစ်ဦးက ပြောပါတယ်။
သူ့ရဲ့ ရုပ်အလောင်းကို နယ်စည်းမခြား လူမှုကူညီရေးပရဟိတအဖွဲ့က သီပေါဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။
သေဆုံးသူရဲ့ ဇနီးဖြစ်သူက မီးဖွားထားတာ မကြာသေးကြောင်း သူ့ရဲ့ အသိမိတ်ဆွေ တစ်ဦးက "စိတ်မကောင်းဘူးဗျာ။ ဆုံးသွားတဲ့အစ်ကိုရဲ့ အမျိုးသမီးက ကလေးငယ်ငယ်လေးနဲ့"လို့ ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း သီပေါမြို့မှာ အကြမ်းဖက်စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့ရဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုကြောင့် အသက်ဆုံးရှုံးရသူ ၂ ဦး ထိရှိလာပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မေလ ၂ ရက် ကမ္ဘာလုံးဆိုင်ရာနွေဦးတော်လှန်ရေးနေ့တုန်းကလည်း စစ်တပ်က ပစ်ခတ်လို့ ကျဆုံးသွားတဲ့ ကိုဖိုးလုံး (ခ) ဘိုင်ဘိုင်း ကတော့ ပထမဆုံး သွေးမြေကျခဲ့ရသူ ဖြစ်ပါတယ်။