စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဇီးတောကျေးရွာမှာ အန်အယ်လ်ဒီပါတီဝင် တစ်ယောက်ကို အကြမ်းဖက်စစ်တပ်က ဇွန်လ ၂၂ ရက်နေ့ ညနေ ၄ ခွဲဝန်းကျင်က ဖမ်းဆီးသွားပါတယ်။
ရွာသားတစ်ဦးဖြစ်တဲ့ ကိုစန်းညွန့်ဦးရဲ့ နေအိမ်ကို စစ်တပ်က ဝင်ရောက်ရှာဖွေခဲ့ရာ အန်အယ်လ်ဒီ ပါတီဝင်ထားတယ်ဆိုတဲ့ မှတ်တမ်းလွှာတွေ့ရှိခဲ့လို့ ဖမ်းသွားတာလို ဇီးတောကျေးရွာဒေသခံ တစ်ဦးက ပြောပါတယ်။
“ဒလန် သတင်းပေးလို့ ဖြစ်မယ်။ အခုညနေ ၄ နာရီခွဲလောက်မှာ အိမ်စီးကား နှစ်စီးနဲ့ စစ်ကား အသေးတစ်စီး အရပ်ဝတ်တွေနဲ့ ရောက်လာကြတယ်။ လုံခြုံရေးအပြည့် ရွာလမ်းထိပ်မှာ ကင်းချထားပြီး အင်အား ၃၀ လောက်ရှိမယ်။”
စစ်အာဏာသိမ်းပြီးနောက် အကြမ်းဖက်စစ်အုပ်စုက အန်အယ်လ်ဒီပါတီ ခေါင်းဆောင်တွေကို ဖမ်းဆီးတရားစွဲ ထောင်ချနေသလို ရပ်ကျေးတွေမှာပါလည်း ဒေသအလိုက်ခေါင်းဆောင်တွေ ပါတီဝင်ကို လိုက်လံဖမ်းဆီး၊ ပါတီရုံးတွေကို ဖျက်ဆီးတာတွေ ဆက်တိုက် လုပ်ဆောင်နေကြတာပါ။