ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ဟာ ရန်ကုန်တိုင်းထဲက လိုအပ်နေတဲ့ ပြည်သူ ၃ သိန်းကျော်ဆီကို စားနပ်ရိက္ခာတွေ ပေးအပ်နိုင်ခဲ့ပြီလို့ ရန်ကုန်အခြေစိုက် ကုလရုံးက ထုတ်ပြန်ပါတယ်။
လှိုင်သာယာမြို့နယ်ထဲက နေထိုင်မှုအတည်တကျမရှိသူ၊ ဆင်းရဲနွမ်းပါးဆုံး လူဦးရေ ၃၃၄,၀၀၀ ဆီကို တလစာဆန်တွေ ဖြန့်ဝေတာဖြစ်ပြီး မကြာခင်မှာ ထပ်ပြီးဖြန့်ဝေပေးဦးမယ်လို့ ဆိုပါတယ်။
ဒဂုံဆိပ်ကမ်းမှာလည်း မကြာခင်ဆန်တွေ ဖြန့်ဝေမှာဖြစ်ပြီး လူတွေလက်ထဲအရောက်ပို့ပေးတာလို့လည်း ဆိုပါတယ်။
ဒါဟာ WFP ရဲ့ မြန်မာနိုင်ငံမှာ အကြီးဆုံးစီမံကိန်းတခုဖြစ်တဲ့ လူဦးရေ ၂ သန်းဆီကို စားနပ်ရိက္ခာဖြန့်ဝေနေတာဖြစ်ပါတယ်။
WFP အနေနဲ့ ပဋိပက္ခဖြစ်ပွားရာဒေသတွေမှာပေးနေတဲ့ လူသားချင်းစာနာမှု အထောက်အပံ့တွေ ရပ်မသွားဘဲ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပိုပြီး တိုးပေးနေတယ်လို့ WFP တာဝန်ရှိသူတယောက်က ပြောပါတယ်။
မေလတုန်းကလည်း ကချင်၊ ချင်း၊ ရခိုင်နဲ့ရှမ်းပြည်နယ်က စားနပ်ရိက္ခာအခက်အခဲရှိသူ လူဦးရေ ၃၄၀,၀၀၀ ဆီကို အသက်ကယ်ဆယ်ရေး စားနပ်ရိက္ခာ ဒါမှမဟုတ် ငွေကြေးအကူအညီတွေ ပေးခဲ့ပါသေးတယ်။