မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ ဇွန်လ ၉ ရက်နေ့ကစပြီး ဇွန်လ ၂၁ ရက်နေ့ထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၅၄ ဦးအထိ တွေ့ရှိခဲ့တယ်လို့ လူမှုကူညီရေး အသင်းကနေသိရပါတယ်။
ဇွန်လ ၉ ရက်နေ့က ပိုးစတွေ့သူရဲ့ထိစပ်တွေကို RTD နဲ့စစ်ဆေးရာမှာ ၅၄ ဦးထိပိုးတွေ့ရှိခဲ့တာ ဖြစ်တယ်လို့ဆိုပါတယ်။ ပိုးတွေ့လူနာတွေကို မိုးကုတ်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
မိုးကုတ်မြို့အရှေ့ပိုင်း အောင်သာယာရပ်ကွက်မှာ ပိုးတွေ့လူနာ ၄၀ ကျော်တွေ့တာကြောင့် Semi lockdown ချထားရပါတယ်။
အရင် ကိုဗစ် ဒုတိယလှိုင်းတုန်းကထက်စာရင် အခုအချိန်မှာ ဝန်ထမ်းအင်အားနည်းနေပေမဲ့ ကိုဗစ်လူနာတွေကို မိုးကုတ် ပြည်သူ့ဆေးရုံကြီးကနေ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတယ်လို့ ဆိုပါတယ်။
မိုးကုတ်မြို့မှာ ပိုးတွေ့လူနာများလာတာကြောင့် စံတော်ဝင်ကွာရတင်းစင်တာကို ပြန်လည်ဖွင့်လှစ်ထားပြီး ကိုဗစ်ကော်မတီနဲ့ လူမှုရေးအသင်းအဖွဲ့တွေပူးပေါင်းပြီး ဆောင်ရွက်နေပါတယ်။
မိုးကုတ်မြို့ အဝင်အထွက်ဖြစ်တဲ့ ပန်းမထိပ်ဂိတ်ကိုတော့ ဇွန်လ ၂၂ ရက်စပြီး ပြန်လည်ဖွင့်လှစ်သွားဖို့ ပြင်ဆင်နေတယ်လို့သိရပါတယ်။