ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၆ နှစ်ပြည့် အထိမ်းအမှတ် ပန်းချီကားတကားကို လေလံတင်ခဲ့ရာမှာ ကျပ် ၈၃ သိန်းနဲ့ အမြင့်ဆုံးပေး ဝယ်ယူခဲ့သူ ပေါ်ထွက်လာခဲ့ပါတယ်။
“Our State | ငါတို့ရဲ့နိုင်ငံတော်”လို့ အမည်ပေးထားတဲ့ ၁၀"x၁၂" အရွယ် ဒီ Acrylic ပန်းချီကားကတော့ ပန်းချီဆရာနန္ဒက ရေးဆွဲထားတာဖြစ်ပြီး ကြမ်းခင်းဈေး ကျပ် ၃ သိန်းနဲ့ လေလံဈေး စခေါ်ခဲ့တာပါ။
လေလံဆွဲဝယ်ယူလိုသူတွေအနေနဲ့ ဈေးတကြိမ်တိုးပေးတိုင်း အနည်းဆုံး ၁၀,၀၀၀ ကျပ် တိုးပေးကာ ပါဝင်နိုင်မှာဖြစ်ကာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဖြစ်တဲ့ ဇွန် ၁၉ ရက် ညနေ ၆ နာရီမှာ အများဆုံး လေလံဈေးပေးထားသူကို ရောင်းချပေးခဲ့တာ ဖြစ်ပါတယ်။
ပန်းချီကားရောင်းရငွေရဲ့ ၁၀၀ ရာခိုင်နှုန်းလုံးကိုတော့ Reds Vote NLD မှတဆင့် ပန်းချီဆရာနဲ့ ဝယ်ယူသူ နှစ်ယောက်နာမည်နဲ့ စီစဉ်လှူဒါန်းပေးမှာ ဖြစ်တယ်လို့ ဖော်ပြထားပြီး လေလံဈေးဖွင့်တဲ့ အချိန်ပိုင်းအတွင်းမှာပဲ ဈေးတိုးမြှင့်ဝယ်ယူမှုတွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။