စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးအဖွဲ့တွေ ပူးပေါင်းပြီး ကျေးရွာတွေအတွင်း လိုက်လံရှာဖွေ ဖမ်းဆီးနေတာကြောင့် ကျေးရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ကနီမြို့နယ်အထက်ပိုင်းက ခုံကြီးကျေးရွာအုပ်စု၊ ကင်းအုပ်စု၊ မိချောင်းတွင်း၊ စတဲ့ ကျေးရွာတွေကို ဇွန်လ ၁၈ ရက်က စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးအဖွဲ့တွေက ဆိုင်ကယ် ၁၅ စီး၊ စစ်ကားအကြီး ၃ စီးနဲ့ ဝင်ရောက်လာတာလို့ ဒေသခံ ရွာသားတစ်ဦးက ပြောပါတယ်။
“ မနေ့ကဆို မိချောင်းတွင်းကျေးရွာကို ဒီကောင်တွေရွာထဲကိုဝင်တယ်။ ဘုန်းကြီးကျောင်းအနားက အိမ်နှစ်အိမ်ကို သော့တွေဖျက်ဝင်ပြီး တပ်စွဲတယ်။ ရွာအတွင်းက အိမ်မွေးတိရိစ္ဆာန်တွေ သတ်ဖြတ်စားနေကြတယ်။”
ကနီမြို့နယ်မှာ မနေ့က စစ်ကောင်စီတပ်ရဲ့ ကားတစ်စီးမိုင်းနင်းမိပြီး စစ်သား ၇ ယောက် အထိအခိုက်အကျဆုံးရှိခဲ့တယ်လို့လည်းသိရပါတယ်။