မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့မှာ ဇွန်လ ၁၇ ရက် ညနေပိုင်းက ကျောင်းအုပ်ဆရာတစ်ယောက်ရဲ့ နေအိမ်မှာ ဗုံးပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။
ရေစကြို အမှတ်(၈) သုခဝတီ ရပ်ကွက်၊ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနေအိမ်နဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ ကျောင်းအုပ်ဆရာရဲ့အိမ်မှာ ညနေ ၆ နာရီခွဲလောက်က ဗုံးပေါက်ကွဲတာ ဖြစ်ပြီးတော့ နေအိမ်ခြံစည်းရိုး သံဆန်ခါ အနည်းငယ်ပျက်စီးခဲ့ပြီးတော့ လူထိခိုက်မှုမရှိဘူးလို့ မြို့ခံတစ်ယောက်က ပြောပါတယ်။
အဲဒီကျောင်းအုပ်ဆရာကြီး ဦးထွန်းဟာ CDM လှုပ်ရှားမှုမှာ ပါဝင်ခြင်းမရှိဘဲ ရေစကြိုမြို့နယ် နီပဆေးတောကျေးရွာ၊ အထက်တန်းကျောင်း (ခွဲ)မှာ တာဝန်ကျနေတာဖြစ်ပြီးတော့ အမည်မသိ ဆိုင်ကယ်သမားနှစ်ယောက်က ဗုံးလာပစ်သွားတာလို့ ဆိုပါတယ်။
အဲဒီပေါက်ကွဲမှုဖြစ်ပြီးနောက် အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ပါးစေရဲတွေ ရောက်လာပြီးတော့ စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်သွားတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။