ကယားပြည်နယ်မှာ တိုက်ပွဲတွေကနေ အိုးပစ်အိမ်ပစ် ထွက်ပြေးကြရတဲ့ စစ်ဘေးရှောင် ပြည်သူတွေဟာ သစ်တောတွေထဲ ဝင်ပြေးပုန်းရှောင်နေရပြီး နားခိုစရာ အမိုးအကာအခင်း မလုံမလောက်နဲ့ မုတ်သုံမိုးကို ကာကွယ်ဖို့ ပလတ်စတစ်အခင်းအောက်မှာ အတူတကွ ဝင်ရောက် ခိုနားရင်း မလုံမခြုံ အိပ်စက်ကြရပါတယ်။
အစားအစာလည်း ပြတ်လပ်နေပြီး ရောဂါပြန့်ပွားတဲ့ လက္ခဏာတွေလည်း ရှိနေတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေက ပြောပါတယ်။တချို့ကလေးတွေ ဝမ်းရောဂါ ဖြစ်နေကြပြီး သန့်ရှင်းတဲ့ရေ ရဖို့လည်း ခက်ခဲကာ အစားအစာတွေ ဆန်တွေ မသယ်လာနိုင်ကြဘူးလို့ အသက် ၂၆ နှစ်အရွယ် စစ်ရှောင်လူငယ်က ပြောပါတယ်။
ကုလသမဂ္ဂ ခန့်မှန်းချက်အရ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ကယားပြည်နယ်အတွင်း လူပေါင်း ၁၁၀,၀၀၀ နီးပါးအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။ မြန်မာနိုင်ငံမြောက်ပိုင်းနဲ့ အနောက်ပိုင်းတို့မှာ တိုက်ပွဲအသစ်တွေ ဖြစ်နေတာကြောင့် လူပေါင်း ၂ သိန်းနီးပါးဟာ အာဏာသိမ်းချိန်ကစပြီး တခြားနေရာတွေကို နေအိမ်စွန့်ပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာပါ။
ပြီးခဲ့တဲ့လကစပြီး ဒေသတွင်းတိုက်ပွဲတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြောင့် စစ်ကောင်စီတပ်တွေ အထိနာထားပြီး အင်္ဂါနေ့မှာတော့ ဒေသခံ အသိုင်းအဝိုင်းတွေရဲ့ တောင်းဆိုမှုကြောင့် တိုက်ခိုက်မှုတွေကို ရပ်ဆိုင်းလိုက်ဖို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ကြေညာခဲ့ပေမယ့်လည်း သစ်တောထဲမှာ ခိုလှုံနေသူအများစုဟာ ကိုယ့်ရွာကိုယ့်အိမ်ကိုပြန်ဖို့က အန္တရာယ်ရှိတဲ့ အခြေအနေ ဖြစ်နေသေးလို့ မပြန်ရဲကြသေးပါဘူး။
စစ်ဘေးရှောင်တွေအတွက် ပြည်တွင်း ပြည်ပအဖွဲ့တွေရဲ့ အကူအညီပေးရေးအားထုတ်မှုတွေဟာ လိုအပ်ချက် အားလုံးကို ဖြည့်ဆည်းဖို့တော့ မလုံလောက်ဘူးလို့ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက ပြောပါတယ်။
လုံခြုံမှုမရှိတာ လမ်းပိတ်တာစတဲ့ စိန်ခေါ်မှုတွေကိုလည်း ရအောင် ဖြေရှင်းထားတယ်လို့ ဆိုပါတယ်။ အကူအညီပေးဖို့ ကြိုးစားကြတဲ့ စေတနာ့ဝန်ထမ်း အနည်းဆုံး ၃ ဦး အသတ်ခံခဲ့ရတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ကပြောပြပါတယ်။