ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ အမျိုးသမီးတစ်ဦး ဇွန်လ ၁၅ ရက်နေ့က သေဆုံးသွားခဲ့တယ်လို့ သီပေါနယ်စည်းမခြား ပရဟိတအသင်းမှ သိရပါတယ်။
သေဆုံးသွားသူမှာ သီပေါမြို့နယ်၊ နမ့်လန်မှ သီပေါဆေးရုံသို့ ပို့ဆောင်ထားသော ကိုဗစ်ပိုးတွေ့ အတည်ပြုလူနာ ၄ ဦးထဲမှ အသက် ၄၁ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဖြစ်ကြောင်း ပရဟိတအသင်းဝင် ကိုသျှားထက်ပိုင်က ဒီဗွီဘီကို ပြောပါတယ်။
“အတည်ပြုလူနာက ၄ ဦးပေါ့။ ၄ ဦးမှာ မနေ့က တစ်ယောက် ဆုံးပေါ့။ အကုန်လုံးက နမ့်လန်ဘက်က။”
သေဆုံးသူရဲ့ ရုပ်အလောင်းကို မြတ်မွန်စေတနာ နာရေးကူညီမှုအသင်း၊ နယ်စည်းမခြားပရဟိတ၊ သီပေါနဲ့ သီပေါလူငယ်အသင်းတို့က ကိုဗစ်စည်းကမ်းနဲ့အညီ စနစ်တကျ ထုပ်ပိုးသယ်ဆောင်ကာ သီပေါမြို့၊ နမ့်မိန်သုသာန်မှာ မီးသင်္ဂြိုဟ်ပေးခဲ့ကြပါတယ်။
သီပေါမြို့နယ်မှာ ဇွန်လ ၁၃ ရက်က စတင် ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့ပြီး နမ့်လန်မှာ ဇွန်လ ၁၃ ရက်နဲ့ ၁၄ ရက်နေ့က ပိုးတွေ့ အတည်ပြုလူနာ ၄ ဦးနဲ့ ထိစပ်သူတွေကို သီပေါဆေးရုံနဲ့ သီပေါ စားသုံးသူရေးရာ ဂိုဒေါင် ကွာရန်တင်းစင်တာကို ပို့ဆောင်ထားပါတယ်။
Photo - သျှားထက်ပိုင်