ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့မှာ ဇွန်လ ၁၅ ရက် ညပိုင်းက မြို့နယ်စည်ပင်ကော်မတီ ဥက္ကဋ္ဌ နေအိမ်အနီး ဗုံးပေါက်ကွဲခဲ့ပါတယ်။
အကြမ်းဖက်စစ်ကောင်စီကခန့်အပ်ထားတဲ့ စည်ပင်ကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ရဲ့ ကမ်းနားလမ်းက နေအိမ်ဘေးမှာ ညနေ ၆ နာရီလောက်က ဗုံးပေါက်ကွဲခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
"ဗုံးပေါက်တာကဟုတ်တယ်။ မိုးတွေတအားရွာနေတဲ့အချိန်ဆိုတော့ အသံသိပ်မကြားကြတာ ထိခိုက်မှုတော့ မရှိဘူးလို့ ကြားတယ်''လို့ ဒေသခံတဦးက ပြောပါတယ်။
ဗုံးပေါက်ကွဲပြီး မိနစ်ပိုင်းအကြာမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေရောက်ရှိလာပြီ စစ်ဆေးနေပါတယ်။
စည်ပင်ကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဟာ ကန်ကြီးထောင့်က CDM ဝန်ထမ်းတွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးဖို့ အကြမ်းဖက်စစ်ကောင်စီကို သတင်းပေးနေသလို ကိုယ်တိုင်ပါဝင်ဖမ်းဆီးတာတွေကြောင့် ခုလို သတိပေး ဗုံးခွဲတာဖြစ်နိုင်တယ်လို့ ဒေသခံတချို့က ပြောပါတယ်။