ကနီမြို့နယ်နဲ့ မင်းကင်းမြို့နယ်နှစ်အခုအကြားမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ ဇွန်လ ၁၅ ရက် ဒီနေ့မနက် ၁၀ နာရီလောက်မှာ တိုက်ပွဲဖြစ်ပွားနေတယ်လို့ တိုက်ပွဲဖြစ်ပွားတဲ့နေရာအနီး နေထိုင်တဲ့ ရွာသားတွေဆီက သိရပါတယ်။
ကနီမြို့နယ်ကနေ မင်းကင်းကိုသွားပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားနေတာပါ။
“ကျနော်တို့ မင်းကင်းနယ်ဘက် ခက်တောင်အနီးမှာဖြစ်နေတာ။ သူတို့ဘက်က လက်နက်ကြီးတွေနဲ့ စပစ်တာ။ အခုလည်း ချင်းတွင်းမြစ်ကနေ အမြန်ရေယာဉ်နဲ့ စစ်ကူလာနေတယ်လို့ ကြားတယ်။ တိုက်ပွဲက နှစ်ဘက်ပစ်နေကြတော့ အကျအဆုံး အတိအကျ မသိရဘူး” လို့ ရွာသားတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်တွေက ကျေးရွာတွေထဲဝင်ရှာပြီး ဒေသခံ ပြည်သူတွေရဲ့ငွေကြေးနဲ့ ဆိုင်ကယ် စတာတွေကိုလည်း ဥပဒေမဲ့ယူသွားတာ၊ အိမ်ထောင်ပရိဘောဂတွေကို ဖျက်ဆီးတာနဲ့ အိမ်မွေးတိရစ္ဆာန်တွေကို သတ်ဖြတ်စားသောက်သွားတာရှိတယ်လို့လည်း ရွာသားတွေက ပြောပါတယ်။